မြိုင်မဟာ ဓာတ်ရှင်(အပိုင်း ၄)
မြိုင်မဟာ ဓာတ်ရှင်(အပိုင်း ၄)
ကြောင်ပျံနှင့်အထင်မှားခြင်း
{၁၀}
"ဟင်....မယ်တော်ကြီး"
ယခင် ရုပ်တုအဖြစ်ရှိနေသော မြိုင်နန်းရှင်မယ်တော်ကြီးမှာ
ယခု သက်ရှိလူသားတစ်ယောက်ကဲ့သို့ ဦးဘချိုတို့အား
ပြုံးရွင်သည့်မျက်နှာဖြင့်ကြည့်နေလျက်။အလက်လက်ထနေသော စိမ်းပုပ်ရောင်ထဘီနှင့် အင်္ကျီကိုဝတ်ဆင်ထားသောမယ်တော်ကြီး ဦးဘချိုတို့၏ရှေ့သို့လျှောက်လှမ်းလာလေသည်။
"ကြိုက်သလောက် ခိုကြပါကွယ် မင်းတို့အတွက်ဆို
မယ်တော်ကြီး ဖက်က ဘာမဆိုပေးနိုင်ပါတယ်
ဘာကြောင့်လည်းဆိုတော့ မယ်တော်ကြီးရဲ့ နတ်နန်းလည်း
မင်းတို့ရဲ့ ကျေးဇူးတွေကြောင့် နေ့စဉ်တောက်ပြောင်နေခဲ့တယ်လေ ဒါနဲ့ သားတော်က ဇော်ဂျီဖိုဝင် ဖို့အတွက်
ကျင့်စဉ်တွေကျင့်နေတယ်ဆို"
"ဟုတ်ပါတယ် မယ်တော် နောက်နှစ်လလောက်ဆို
ဖိုဝင်နိုင်ဖို့စီစဉ်ထားပါတယ်"
"ဖိုဝင်တယ် ဆိုတဲ့ ကိစ္စက လွယ်တာမဟုတ်လှဘူး
ကိုယ့်မှာ သတ္တိရှိပြီးရဲရင့်တဲ့ တပည့်တပန်းတွေလည်း
လိုသေးတယ် သားတော်"
"ကျွန်တော်မျိုးမှာတော့ ဟောဒီက တပည့်မလေး
နှောင်းခင်ပျိုနှင့် သူ့ရဲ့အစ်ကိုတော်
ကြောင်ပျံမင်းသီဟတို့ရှိပါတယ် သူ့တို့ဆီကအကူအညီရဖို့အတွက်လည်း
အတတ်နိုင်ဆုံး သတ္တိရှိအောင်သင်ကြားပေးထားပါတယ်ခင်ဗျ"
"အယ်လေ မဖြစ်သေးပါဘူး သားတော်အတွက်မယ်တော်လည်း တတ်နိုင်တဲ့ဖက်က ကူညီပေးရမှာပေါ့"
ဒေဝီကလျာမယ်တော်ကြီး ထိုသို့ပြောပြီးသည်နှင့် ကောင်းကင်ပေါ်သို့မော်ကြည့်လိုက်လေသည်။ကောင်းကင်တစ်ခွင်မှာတော့ လျှပ်စီးလက်ခြင်းနှင့်အတူ မိုးများစွာရွာသွန်းနေပေ၏။ထိုကဲ့သို့မော်ကြည့်ပြီးသည်နှင့် မယ်တော်ကြီးလက်နှစ်ဖက်အားအပေါ်ဖက်ဆီသို့ထပ်မံ၍ မြှောက်တင်ကာနှုတ်မှတတွတ်တွတ်ရွတ်ဆိုလိုက်သည်။ထိုကဲ့သို့ရွက်ဆိုလိုက်သည်နှင့်တစ်ပြိုင်နက် ကောင်းကင်ပေါ်၌ လျှပ်စီးများပိုမိုလက်လာပြီး တောတောင်တခွင်လုံးလင်းထိန်သွားတော့သည်။ဦးဘချိုတို့လည်း မယ်တော်ကြီး၏ရှေ့၌ထိုင်နေရက်နှင့်ပင် မယ်တော်ကြီး၏အမူအရာနှင့်ကောင်းကင်ပေါ်အားမော့ကြည့်နေကြလျက်။ခဏအကြာမှာတော့ကောင်းကင်ပေါ်မှတဆင့် လျှပ်စီးများကြားမှ တစ်လက်လက်ထနေသော အလုံးတစ်လုံး
မယ်တော်ကြီးဆီသို့ တဖြည်းဖြည်းဆင်းသက်လာလေသည်။ထို့နောက်မယ်တော်ကြီး၏လက်ထဲသို့ ထိုအလုံးကြီးရောက်ရှိသွားပေသည်။မယ်တော်ကြီး၏
လက်ထဲသို့ရောက်သည်နှင့်ထိုအလုံးမှာ တလက်လက်ထနေသောအရောင်များပျောက်သွားပြီး ဖန်လုံးကဲ့သို့ အကြည်ရောင်ပြောင်းသွားသည်။အရွယ်အစားမှာတော့ ကြက်ဥလုံးခန့်ရှိမည်။မယ်တော်ကြီး၏ လက်ထဲ ထိုအလုံးရောက်သည်နှင့် ကောင်းကင်ပေါ်လျှပ်စီးလက်ခြင်းများပျောက်သွားပြီး ပြန်လည်ငြိမ်သက်သွားလေတော့သည်။
မယ်တော်ကြီးလည်း ထိုအလုံးကို ဦးဘချိုအားကမ်းပေးလိုက်သည်။ထိုနောက်
"အဲဒီ ဓာတ်လုံးကို
မြိုင်မဟာဓာတ်ရှင်လို့ခေါ်တယ် သားတော်
သားတော်ရဲ့ ဇော်ဂျီဖိုဝင်ခြင်းမအောင်မြင်တကြား
ဒီဓာတ်လုံးလေးက သားတော်ကို မကောင်းဆိုးဝါးတွေရဲ့ရန်မှကာကွယ်ပေးပါလိမ့်မယ် သားတော်ဖိုဝင်အောင်မြင်မှ
ဒီဓာတ်လုံးလည်း မယ်တော့်ဆီသူ့အလိုလိုပြန်လာပါလိမ့်မယ်ကွယ် ကဲ အစစအရာရာအဆင်ပြေပါစေလို့မယ်တော်
ဆုတောင်းပေးလိုက်ပါတယ်"
"ကျေးဇူးကြီးလှပါတယ်မယ်တော်"
ဦးဘချိုတို့လည်း မယ်တော်ပေးသောဓာတ်လုံးကိုကိုင်လျက်ရိုသေစွာဂါဝရပြုလိုက်ကြလေသည်။မယ်တော်ကြီးမှာ ရုပ်တုထားရာနေရာသို့ ပြန်ထွက်သွားပြီးယခင်အတိုင်းရုပ်တုပြန်ဖြစ်သွားကာငြိမ်သက်သွားလေတော့သည်။မယ်တော်ကြီး ရုပ်တု ဖြစ်သွားပြီးသိပ်မကြာလိုက် သည်းသည်းမဲမဲရွာချနေသောမိုးမှာလည်း
ရုပ်ချည်း တိတ်သွားသည်။မိုးတိတ်သည်နှင့် ဦးဘချိုလည်း
နှောင်းခင်ပျိုလေးကိုခေါ်ကာ မြိုင်ကြီးဂူဆီသို့ ခရီးထပ်ဆက်လိုက်လေတော့သည်။
##########
ညကား လမရှိ၍ ကြယ်ရောင်များမှအပ အမှောင်ကျနေတော့သည်။အချိန်ကား စောသေးသော်လည်း မြိတ်မြို့၏
ရပ်ကွက်အတွင်း၌ လူသွားလူလာပြတ်တောက်နေကြသည်။တစ်ချို့ ဈေးဆိုင်များပင်လျှင်ဝယ်သူမရှိ၍ ပိတ်တန်ပိတ်နေကြကုန်၏။လမ်းပေါ်တွင်ကား လေလွှင့်ခွေးများမှအပ မည်သည့်လူသူတစ်ဦးတစ်ယောက်မျှမရှိချေ။ဟိုတစ်အိမ်သည်တစ်အိမ်သာလင်းနေသော ဖယောင်းတိုင်၊မီးခွက်အရောင်များဖြင့်သာ မြိတ်မြို့ကြီးကအသက်ဝင်နေတော့သည်။မြိတ်မြို့၏ ရပ်ကွက်တစ်ခုရှိ လမ်းတောင့်
လေးတွင်ကား ပျဉ်ထောင်အိမ်လေးတစ်လုံး၊သူလည်း အများနည်းတူ အပေါ်ထပ်အခန်းတစ်ခန်း၌ ဖယောင်းတိုင်
အကြီးစားတစ်ချောင်းဖြင့်အသက်ဝင်နေပေသည်။အခန်းငယ်အတွင်းရှိ စာအုပ်များဖြင့်ပြည့်နှက်နေသော စားပွဲတစ်လုံး၌ကား အသက်၄၀ကျော်အရွယ်လူကြီးတစ်ယောက်နှင့်
အသက်၂၀ခန့် လူငယ်တစ်ယောက်တို့ထိုင်နေကြသည်။
{၁၁}
လူကြီးမှာ စာအုပ်အပေါ်၌ ဘောပင်တစ်ချောင်းဖြင့်အာရုံစူးစိုက်ကာ စိတ်ဝင်တစ်စားရေးနေပေသည်။ထို့နည်းတူ ထိုသူ၏ နံဘေးမှ လူရွယ်မှာလည်း ခဲတံတစ်ချောင်းဖြင့်
စာရွက်တစ်ရွက်ပေါ် ပန်းချီတစ်ပုံအား သေချာရေးဆွဲနေပေ၏။
"တပည့်ကြီး"
"ဗျာ...ဆာဂွတ်"
"ဗိုက်ဆာလိုက်တာကွာ ဘယ်နှနာရီရှိပြီလဲ"
မိုးကလေး လက်ပတ်နာရီအားလှည့်၍ကြည့်လိုက်သည်။
"၈နာရီခွဲတော့မယ် ဆာဂွတ်"
"လာကွာ ထမင်းစားကြစို့ ပြီးမှပဲ့ ဒီအလုပ်တွေဆက်လုပ်ကြရအောင်"
"ဟုတ်ကဲ့"
ကျွန်ုပ်မှာ ဝတ္ထုရေးနေရင်းဖြင့် ဗိုက်ဆာလာသလိုဖြစ်၍ တပည့်ကျော်မိုးကလေးကိုခေါ်ကာ ဖယောင်းတိုင်တစ်ချောင်းကိုင်၍ ထမင်းစားခန်းသို့ဝင်ခဲ့ရတော့သည်။ထမင်းစားခန်းသို့ရောက်တော့ အရင်ရောက်နှင့်နေသောမိုးကလေးမှ ထမင်းအိုးဟင်းအိုးများအား လိုက်လံ၍ဖွင့်ကာ
နမ်းတန်နမ်းမြည်းတန်မြည်း လုပ်နေပေသည်။
"သွားပြီ ဆာဂွတ်ရေ.."
"ဘာဖြစ်လို့လဲ မိုးကလေး"
"ထမင်းဟင်းတွေအားလုံး သိုးကုန်ပြီ ဆာဂွတ်ရ"
"ဟေ..မင်း အဲဒါ မနက်စောစောကမှချက်ထားတဲ့
ထမင်းတွေမဟုတ်လား"
"ဟုတ်တယ်လေဆာဂွတ်ရဲ့ ရာသီဥတုကဒီလောက်ပူတာဗျာ မသိုး ဘယ်ခံနိုင်တော့မလဲ"
"အေးကွာ...အဲဒါမှဒုက္ခပဲ့ ကျွန်ုပ်လည်း ဗိုက်တွေအတော်ဆာနေပြီ တပည့်ကြီးရေ"
"ဟုတ်ပြီ ဆာဂွတ် ဒီအချိန်ဆို လမ်းထိပ်က ကိုချက်တီး
ထမင်းဆိုင် ဖွင့်လောက်သေးတယ် ကျွန်တော် ခဏပြေးပြီးသွားဝယ်လိုက်မယ်လေ"
"ဟာ...မသွားရပါဘူး ပုလိပ်တွေ ဒီလောက်ခြေရှုပ်နေတာ"
"မသွားရင်တော့ ငတ်မှာပဲ့ဆာဂွတ်ရေ ကျွန်တော်လည်း
ဆာဂွတ်လိုပဲ့ ဗိုက်တွေမနေနိုင်အောင်ဆာနေပြီဗျ"
"ကဲပါလေ ဒါဆိုလည်း သွားဝယ်ချေ
မြန်မြန်သွားပြီးမြန်မြန်ပြန်ခဲ့နော် ပုလိပ်တွေနဲ့တွေ့ရင်
ဝေးဝေးကသာရှောင် အမြင်မခံနဲ့ကြားလား"
"ဟုတ်ကဲ့ဆာဂွတ် ဒါဆိုကျွန်တော်သွားပြီနော်"
"နေ နေဦးလေ ဓာတ်မီးမယူသွားတော့ဘူးလား"
"ဟုတ်သားပဲ့ ဟီး"
"ရော့...သတိထားပြီးသွား ကြားလား"
"ဟုတ်ကဲ့ပါ"
မိုးကလေးလည်း လမ်းထိပ် ချက်တီးဆိုင် ထမင်းဝယ်ရန်အတွက် ဖြတ်လပ်စွာပင်အိမ်ပေါ်မှဆင်းသွားလေတော့သည်။ကျွန်ုပ်လည်း ဆာနေသောဗိုက်အားခဏအောင့်ကာ စာရေးစားပွဲဆီပြန်လာ၍ ခဏထားခဲ့သော
ဝတ္ထုအား ဆက်လက်ရေးသားနေလိုက်သည်။
တလက်လက်ဖြင့် စုတ်မိတ်စုတ်မိတ်လင်းနေသော ကြယ်ရောင်များနှင့်ကောင်းကင်အောက် မိုးကလေး ဓာတ်မီးတစ်လုံးဖြင့် လမ်းထိပ်ချက်တီးဆိုင်သို့ထွက်လာခဲ့လေသည်။လူသွားလူလာမရှိသည်မို့ လမ်းတွင်ကား မိုးကလေးတစ်ယောက်သာရှိ၍ ဟိုတစ်အိမ်သည်တစ်အိမ်မှ ခွေးများမှာလည်း မိုးကလေးအား တစ်ဝုတ်ဝုတ်ဖြင့်ထိုးဟောင်နေကြတော့သည်။မအိပ်ကြသေးသော တစ်ချို့အိမ်
များမှာလည်း သူတို့၏ခွေးများအားမဟောင်ရန်ဟန့်တားကြသည်။တစ်ချို့ခွေးပိုင်ရှင်အိမ်များကတော့ အိပ်မောကျနေကြပေပြီ။ကြောက်စိတ်ကိုတင်းရင်း မိုးကလေးလည်း
လမ်းထိပ်သို့သာရောက်ချင်ဇောဖြင့်ခပ်သုတ်သုတ်လျှောက်လာခဲ့တော့သည်။ချက်တီးဆိုင်သို့ ရောက်ချေပြီ။ချက်တီးတို့ကား ဆိုင်သိမ်းရန်အတွက်ပစ္စည်းများသိမ်းနေကြကုန်၏။မိုးကလေးလည်း မမီတော့မည်စိုး၍ ချက်တီးဆိုင်ထဲသို့အပြေးဝင်လိုက်ကာ
"ကိုချက်တီး ထမင်းရသေးလားဗျ"
"အေး ရသေးတယ်ကွ ခုလေးတင် ပိုတဲ့ထမင်းဟင်းတွေ
သွန်ပစ်မလို့လုပ်နေတာ မင်း နဲနဲကံကောင်းသွားတယ်"
"ကျေးဇူးတင်လိုက်တာဗျာ ကျွန်တော့်ကို ထမင်းနှင့်ဟင်း
တစ်ကျပ်ဖိုးလောက်ရောင်းပေးဗျာ"
"တစ်ကျပ်ဖိုးမဟုတ်ဘူးဟေ့ ပိုတဲ့ထမင်းဟင်းတွေသာအကုန်ယူသွားတော့ ပိုက်ဆံမပေးနဲ့"
"ဟာ ...ကျေးဇူးပါပဲ့ ကိုချက်တီးရာ"
"ကဲ မိစန်းရေ မိုးကလေး ကို ပိုတဲ့ထမင်းဟင်းတွေ
သေချာလေးထုပ်ပေးလိုက်ပါအုံး"
"ဟုတ်ကဲ့ ကိုချက်တီး"
"ဒါနဲ့ မင်းတစ်ယောက်တည်းလား မင်းဆရာမပါဘူးလား"
"ဟင့်အင်း ကျွန်တော့်တစ်ယောက်တည်းပဲ့ ဆာဂွတ်က
ဝတ္ထုရေးနေတာလေ"
"မင်းတို့ဟာ မိုးချုပ်လိုက်တာကွာ အိမ်မှာထမင်းမချက်စားဘူးလား"
"ချက်ထားပါတယ်ဗျာ ရာသီဥတုကပူတော့ အကုန်သိုးကုန်ပါလေရော"
"ကိုချက်တီး ဒီမှာရပြီ"
"အေးအေး ရော့ မိုးကလေး မင်းတို့ဆရာတပည့်နှစ်ယောက်စားလို့လောက်အောင် များများလေးထည့်ပေးလိုက်တယ်သိလား"
"ဟုတ်ကဲ့ ကျေးဇူး ကိုချက်တီးရေ သွားလိုက်အုံးမယ်နော်"
"အေးအေး သေချာဂရုစိုက်လည်း သွား မိုးကလေးရေ"
"ဟုတ်ကဲ့"
မိုးကလေးလည်း ကိုချက်တီးကိုနှုတ်ဆက်ပြီး လှည့်ပြန်လာခဲ့လေသည်။ကိုချက်တီးထည့်ပေးလိုက်သော ထမင်းနှင့်ဟင်းထည့်ထားသည့်အထုပ်ကြီးအား ဓာတ်မီးဖြင့်မကြာခဏထိုးကြည့်ပြီး မိုးကလေးတစ်ယောက် ပီတိဖြစ်နေတော့သည်။ခြေလှမ်းများမှာလည်း လာတုန်းကထက် ပိုမိုသွက်လက်နေကာ ပတ်ဝန်းကျင်အခြေအနေကိုပင်ဂရုစိုက်မအားဘဲ ထမင်းထုပ်ကြီးကိုသာတစ်ကြည့်ကြည့်ုဖြစ်နေတော့သည်။
{၁၂}
ထိုအချိန်တွင်ပဲ့မိုးကလေး၏အနောက်ဖက်အိမ်တစ်အိမ်ဆီမှ
"သူခိုးဗျို့ သူခိုး သူခိုး"
သူခိုးဟူသော အော်ဟစ်သံနှင့်အတူ မဲမဲအရိပ်တစ်ခု မိုးကလေး၏ နံဘေးမှ ဖြတ်သန်းပြေးလွှားသွားလေတော့သည်။
ခွေးများမှာလည်း ထိုအရိပ်မဲမဲရှိရာသို့ ဆွဲဆွဲငင်ငင်အူလိုက်ချိန်မှာတော့ မိုးကလေးတစ်ကိုယ်လုံးကျက်သီးမွှေးညှင်းများထသွားရတော့သည်။စိတ်ထဲတွင်လည်း
"ဘုရား ဘုရား သရဲတစ္ဆေများလား သဗုဒ္ဓေ...."
ကြောက်ရွံ့စိတ်ကြောင့် တိတ်တဆိတ် ရေရွတ်လိုက်ရင်း
ဘုရားစာများသာ တတွတ်တွတ်ရွတ်ဆိုကာ အိမ်ဖက်ဆီသို့အမြန်လျှောက်လိုက်သည်။ပြသနာမှာဤတွင်မပြီးသေး မိုးကလေးအနောက်မှနောက်ထပ်
"ဒိုင်း"
"လိုက်ကြဟေ့ မလွှတ်စေနဲ့"
သေနတ်သံများနှင့်အတူ လူတစ်ချို့ရဲ့အော်ဟစ်သံများပေါ်ထွက်လာပြန်ပေသည်။မိုးကလေးလည်း ထိတ်လန့်စွာဖြင့်ပင် နောက်သို့လှည့်ကြည့်လိုက်တော့
"ဟာ...ပုလိပ်တွေ"
"ဟိုမှာဟေ့ ကြောင်ပျံ မလွှတ်စေနဲ့"
မိုးကလေးနဲ့မလှမ်းမကမ်းမှအမှောင်ထဲပြေးလာနေကြသော ပုလိပ်များ မိုးကလေးကိုမြင်တော့ ကြောင်ပျံဟု
အထင်ဖြင့် မိုးကလေးဆီ အပြေးဝင်လာကြတော့သည်။
မိုးကလေးလည်း သူ့ကိုကြောင်ပျံနှင့်မှားပေပြီဟုသဘောပေါက်ကာ နေရာမှ အတင်းပြေးထွက်တော့သည်။
ပုလိပ်များလည်း အော်ဟစ်ဆူညံ့၍ မိုးကလေးနောက်မှပြေးလိုက်လာကြလျက်။
"ဒိုင်း...ဒိုင်း."
"မလွှတ်စေနဲ့ဟေ့"
"ဟောဟဲ ဟောဟဲ ဒုက္ခပါပဲ့ ငါဘယ်ပြေးရင်ကောင်းမလဲ
မထူးပါဘူး ဆာဂွတ်ဆီပဲ့ပြေးပြီး အကျိုးအကြောင်းသွားပြောရမယ်"
ပုလိပ်များပစ်ထုတ်လိုက်သော ကျည်ဆံများအား ခေါင်းငုံ့ရှောင်ရှားရင်း ထမင်းထုပ်တစ်ထုပ်ဖြင့် မိုးကလေး အိမ်သို့သာ ဦးတည်ပြေးလာခဲ့လေသည်။အိမ်သို့ရောက်သည်နှင့်အိမ်ပေါ်သို့အပြေးလှမ်းတက်လာပြီး တံခါးပေါက်အားအတင်းပြန်ပိတ်ကာ တံခါးဂျစ်များအကုန်ထိုးလိုက်လေသည်။ကျွန်ုပ်မှာလည်းသေနတ်သံများကြားရ၍ မိုးကလေးအား စိတ်ပူနေပေရာ မိုးကလေးအိမ်ပေါ်သို့ တက်လာသည်နှင့်မိုးကလေးဆီသို့အပြေးလာပြီးအခြေအနေအားမေးရတော့သည်။မိုးကလေးကား ထမင်းထုပ်ကြီးကိုင်ကာ မျက်စိမျက်နှာပျက်နေပေ၏။
"မိုးကလေး မိုးကလေး ဘယ်လိုဖြစ်လာတာလဲ"
"ဆာဂွတ် ကျွန်တော်တို့ဒီမှာဆက်နေလို့မဖြစ်တော့ဘူး
ဒီကနေအမြန်ပြေးမှဖြစ်မယ်"
"ဘာဖြစ်လို့လဲဟင် မိုးကလေး"
"ဟေ့ တံခါးဖွင့်စမ်း ဟေ့ကောင်တွေပစ်ကွာ"
"ဒိုင်း...ဒိုင်း"
"လာဗျာ ဆာဂွတ် အနောက်ပေါက်ကနေ ခုန်ဆင်းပြေးကြမယ်"
"အေးအေး"
ပုလိပ်များ ပစ်လိုက်သော ကျည်ဆံများ ကျွန်ုပ်တို့တံခါးအား
လာထိမှန်၍ စကာပေါက်များပင်ဖြစ်ကုန်တော့သည်။
ကျွန်ုပ်မှာ မိုးကလေး ဘာတွေလုပ်လာခဲ့သည်မသိသော်လည်း မိုးကလေးနှင့်အတူ အိမ်မှထွက်ပြေးရန်အတွက်အိမ်နောက်ပေါက်ဆီသို့ မိုးကလေးအနောက်မှပြေးလိုက်ရပေသည်။ပုလိပ်များ လှေခါးမှတဆင့် အိမ်ပေါ်သို့တက်လာပြီး တံခါးအားတစ်ဒုန်းဒုန်းနှင့်ထုနေကြချိန်
ကျွန်ုပ်တို့နှစ်ယောက်မှာတော့ အိမ်နောက်ပြတင်းပေါက်ကိုဖွင့်ပြီး ခုန်ဆင်းပြေးရန်ကြံရွယ်နေကြ၏။
"အိမ်ကအမြင့်ကြီးပဲ့ ဆာဂွတ် ခုန်ချလို့ဖြစ်ပါ့မလား"
"မတတ်နိုင်ဘူး တပည့်ကြီး သူတို့လက်ထဲအမိခံမှာနဲ့စာရင် ဘာပဲ့ဖြစ်ဖြစ်ကွာ ခုန်ချကြရအောင်"
နှစ်ယောက်သား တီးတိုးတိုင်ပင်လိုက်ကြပြီး
"ကဲဗျာ ဒါဆိုလည်း အတူတူခုန်ကြစို့"
"၁...၂....၃!"
"ဝီ..ဘုန်း ဘုန်း"
" အနောက်မှာဟေ့ လိုက်ကြ လိုက်ကြ"
"ဟာ...ကြားသွားပြီ မိုးကလေး ပြေး ပြေး မြန်မြန်ပြေး"
အိမ်ပေါ်မှ ခုန်ချလိုက်အသံကြောင့်ပုလိပ်များ ကြားသွားပြီး
ကျွန်ုပ်တို့ရှိရာသို့ ပြေးလာကြပြန်သည်။ကျွန်ုပ်တို့လည်း
ခုန်ချလိုက်ဒါဏ်ကြောင့် အနည်းငယ်နာကျင်သွားပေမယ့်
ပုလိပ်များ ကျွန်ုပ်တို့ဆီပြေးလာကြ၍ အတင်းပြန်ထကာ
အမှောင်ထဲတိုး၍ ပြေးရပြန်ပေတော့သည်။
အပိုင်း ၅ ဆက်ရန်
Credits
No comments