မြိုင်မဟာ ဓာတ်ရှင်(အပိုင်း ၃)
မြိုင်မဟာ ဓာတ်ရှင်(အပိုင်း ၃)
မြိုင်နန်းရှင် ကလျာဒေဝီမယ်တော်
{၇}
မြိုင်မဟာတောအတွင်း၌ မြိုင်ကြီးငူ ဟုခေါ်သော
နေရာတစ်ခုရှိပေသည်။ထိုငူအတွင်း ၌ ချုံနွယ်များနှင့်
ယှက်သိုင်းနေသော ဂူကြီးတစ်ဂူလည်းရှိသည်။မြိုင်ကြီးငူအတွင်း၌ ရှိ၍ ထိုဂူကြီးအား မြိုင်ကြီးဂူဟုခေါ်ဆိုပေသည်။ဂူလေးကား လူသူများနဲ့ ဝေးကွာသော တောအုပ်လေးထဲ၌ တောင်စောင်းတစ်နေရာတွင် ကပ်ကာအေးအေးလူလူတည်ရှိသည်။ဂူရှေ့၌ ဖြတ်သန်းစီးဆင်းနေသော စမ်းချောင်း လေးကား ကြည်လင်အေးမြနေပေ၏။နေ့စဉ်နဲ့အမျှ ထိုစမ်းချောင်းလေး၌
သမင်ဒရယ်လေးများ ရေသောက်ဆင်း ကြ၍ တောတောင်သဘာဝ အလှအပကား ကြည်နူးဖွယ်ကောင်းလှပေသည်။ဂူအတွင်းမှာ တော့ ရှည်လျားလှသောအဖြူရောင်ဆံရှည်နှင့်မုတ်ဆိတ်ရှည်ကြီးတို့ကို ပိုင်ဆိုင်ထားသည့် အဖိုးအိုတစ်ဦးနှင့် ငယ်ရွယ်ချောမောသော မိန်းမပျိုလေးတစ်ယောက်တို့နေထိုင်ကြသည်။
အဖိုးအိုမှာ ဂူအတွင်းရှိကျောက်ပုလ္လင်ပေါ်တွင် အမြဲလိုလို
တရားထိုင်နေတတ်ပြီး မိန်းမပျိုလေးကတော့ အဖိုးအို
ဘေး၌နေကာ နေ့စဉ်စားစရာသစ်သီးဝလံများနှင့် သောက်သုံးရေများကိုရှာဖွေကျွေးမွေး၍အလုပ်အကျွေးပြုနေထိုင်ပေသည်။ထို့အပြင် အဖိုးအို၏ ညွှန်းကြားချက်အတိုင်း တောင်ကြောတစ်လျှောက် ဆေးဝါးပင်များ၊သိန္ဓီ ရှိအပင်များနှင့် ဂမုန်းမျိုးစုံအား
ရှာဖွေပေးရသည်။နေ့စဉ်နေ့တိုင်း အန္တာရယ်ကြီးလှသော တောနက်အတွင်း၌ လှည့်လည်သွားလာ၍ သစ်သီးဝလံများနှင့်ဆေးပင်များကိုရှာဖွေနေရသော်လည်း
မိန်းမပျိုလေး၌ကားထူးခြားစွာ မည်သည့်အန္တာရယ်တစ်စုံတစ်ရာမျှမဖြစ်သည့်အပြင် တစ်ချို့သော တိရိစ္ဆာန်ငယ်များနှင့်ပင်ခင်မင်ရင်းနှီးနေပေသည်။
နွေးထွေးလှသည့်နှလုံးသားပိုင်ရှင်၊ကြင်နာတတ်သည့်
နှလုံးသားပိုင်ရှင်၊ယဉ်ကျေးသိမ်မွေ့သည့်နှလုံးသားပိုင်ရှင် သူမ၏အမည်လေးကတော့ နှောင်းခင်ပျိုဟူသတည်း။
"ချိုကား ရေ ဒီနေ့ ကျောက်မှော်ဖက်ကိုသွားပြီး
ဆေးပင်ရှာရမယ်ဟေ့ လိုက်မယ်မလား မင်းအဖော်တွေလည်းခေါ်ခဲ့အုံးနော်"
နေ့တိုင်း လူသူမရှိသည့်တောကြီးထဲ၌ နေရ၍ သူမတွင်ကား အဖော်ဆိုလို့ သမင်၊ဒရယ်၊ယုန်လေးများသာရှိနေတော့သည်။သူမ ဘယ်သွားသွားဘယ်လာလာ သူမရဲ့
အဖော်ကလေးများ အမြဲပါနေတတ်၍ သူမအတွက်
ပျော်ရွင်စရာနေ့ရက်ကလေးများသာပိုင်ဆိုင်ထားပေ၏။
"အဘရေ နေ့လည်စာအတွက် စားစရာအသီးများနှင့်
ရေအဆင်သင့်ရပါပြီ အဘ မှာလိုက်တဲ့ ဆေးပင်တွေ
လည်း နှောင်း အကုန်ရအောင်ရှာလာခဲ့တယ်သိလား"
"အိမ်း...တော်ပါပေတဲ့ သမီးလေးပါပဲ့ "
ထိုကဲ့သို့ ချီးကျူးစကားသံများကား နှောင်းခင်ပျိုအတွက် နေ့စဉ်ကြားနေရတဲ့ တေးတစ်ပုဒ်လိုပင်ဖြစ်နေပေပြီ။အဖိုးအို၏ နာမည်ကတော့ ဦးဘချိုဟူ၍ဖြစ်ပြီး ဇော်ဂျီဖိုဝင်ရန်အတွက် ကျားကုတ်ကျားခဲ ကြိုးစားနေသူတစ်ဦးပင်။ဆေးပညာများနှင့်တခြားသောအောက်လမ်း၊မှော်ပညာများကို ကျွမ်းကျင်သူလည်းဖြစ်သည်။နေ့စဉ်
သက်သတ်လွတ်သာစားပြီး တရားကျင့်၊နီးစပ်ရာရွာများသို့သွား၍ ဆေးကုသခြင်းများကိုမည်သည့်အဖိုးအခမျှမယူငင်ပဲ့ ပြုလုပ်ပေးခြင်းကြောင့် အနီးအနားရှိရွာများတွင် ဆရာဘချိုဟူ၍ နာမည်ကျော်ကြားလေသည်။ပရောဂအပြင် တခြားသော
ရောဂါဝေဒနာများကို ကုသပေးခြင်းကြောင့် ရွာသူရွာသားများ ဦးဘချိုအား လွန်စွာမှ ယုံကြည်အားကိုးလှပေသည်။ထိုကြောင့်လည်း တရားကျင့်ပြီးသည်နှင့် နေ့စဉ် နှောင်းခင်ပျိုလေးကိုခေါ်ကာ တစ်နေ့တစ်ကြိမ်သွားရောက်ကုသပေးလေသည်။ရာသီဥတု
သာယာနေသော နေ့တစ်နေ့ ၌ကား ဦးဘချိုတစ်ယောက်ထုံးစံအတိုင်း တရားကျင့်ပြီးသည်နှင့် ဆေးလွယ်အိပ်ကလေး လွယ်ကာ ဂူအပြင်သို့ထွက်လာလေသည်။ဂူအပြင်သို့ရောက်သည်နှင့် နံဘေးနံဘီ လျှောက်ကြည့်လိုက်သည်။ဂူအရှေ့ စမ်းချောင်းကလေးရှိကျောက်ဖျာလေးပေါ်တွင်အဝတ်လျှော်နေသည့် မိန်းမပျိုလေးတစ်ဦး။သူမ၏ နံဘေး ကမ်းပေါ်၌ သူမအား အိပ်၍ ထိုင်၍ ပုံစံမျိုးစုံဖြင့် စောင့်နေကြသော တောကောင်ငယ်ကလေးများဖြင့်စည်ကားနေသည်။သူမကားနှောင်းခင်ပျိုမဟုတ်ပါလား။
"ကဲ သမီးရေ အဘတို့ ဆေးကုသွားကြရအောင်"
"ဟုတ်ကဲ့ အဘ လာပါပြီ"
ဦးဘချိုခေါ်လိုက်သည်နှင့် နှောင်းခင်ပျိုလည်းလုပ်လက်စအလုပ်များကိုချထားခဲ့ပြီး ဦးဘချိုဆီသို့ အပြေးကလေးလှမ်းလာခဲ့သည်။ထိုနောက် ဦးဘချိုဆီမှ
ဆေးလွယ်အိပ်ကို တောင်းယူ၍ လွယ်လိုက်ပြီး ဦးဘချို
နောက်မှလိုက်ကာ တောနက်အတွင်းသို့ဖြတ်သန်းဝင်ရောက်သွားလေသည်။သူတို့နှစ်ယောက်၏ အနောက်၌တွင်ကား တောတရိစ္ဆာန်ငယ်များ အစီအရီလိုက်ပါလျက်။
"ဟဲ့ သူငယ်ချင်းတို့ ဘယ်လိုက်ကြမလို့လဲ
ကျန်ရစ်ကြ ကျန်ရစ်ကြ အမက လူတွေရှိရာဆီသွားမှာ
နင်တို့လိုက်ရင် ဟိုကလူတွေက နင်တို့ကို သတ်ကြလိမ့်မယ်"
{၈}
နှောင်းခင်ပျိုသူမနောက်မှလိုက်လာကြသော တောကောင်ငယ်များအား ဤကဲ့သို့ပြောလိုက်သည်နှင့်
လူစကားနားလည်သော တိရိစ္ဆာန်များပမာ ဆက်မလိုက်ကြတော့ဘဲ နေရာတွင်ပဲ့ နှောင်းခင်ပျိုတို့အား
ငေးကြည့်၍ ကျန်ခဲ့ကြလေသည်။တောနက်အတွင်း
သစ်ပင်ကြီးများအောက် ချုံနွယ်များအကြားဖြတ်သန်းရင်း သူတို့်နှစ်ယောက် ရွာတစ်ရွာဆီသို့်ဦးတည်လာခဲ့သည်။တစ်နေ့တစ်နေ့ သွားနေသောရွာများမှာ
တူညီသော်လည်း ဦးဘချိုတို့ မှာတစ်လမ်းတည်းသီးသန့်လုပ်၍ သွားခြင်းမျိုးမဟုတ်ဘဲ တစ်နေ့တွင်တစ်လမ်း ချုံများအကြားတိုး၍ သွားခြင်းဖြစ်သည်။
အကြောင်းမှာမူကား တစ်လမ်းတည်းသွားပါက သူတို့ရှိရာနေရာသို့ လမ်းပေါက်၍ လူသူများရောက်ရှိလာမည်စိုး၍ဖြစ်သည်။ဒီလိုနဲ့ ဆရာတပည့်နှစ်ယောက် တောထဲ ဖြဲယဲတိုးဝင်လာရင်းမှ တောင်ကုန်း
တစ်နေရာရှိကျောက်ဂမူ လေးပေါ်တွင် ဆောက်လုပ်ထားသည့်မြိုင်နန်းရှင် ဒေဝီကလျာနတ်ကွန်းအနီးသို့ရောက်ရှိလာပေသည်။ထိုအချိန်တွင်ပဲ့
"ဂါး...ဝလိန်း"
ကျားဟိန်းသံတစ်ခုနဲ့အတူ
"အဘ ကျား ကျား"
"ငြိမ်ငြိမ်လေးနေ သမီး"
နှောင်းခင်ပျိုလည်း ကြောက်လန့်ရကား ဦးဘချိုနောက်သို့တိုးကပ်ပုန်းကွယ်လိုက်သည်။ကျားဟိန်းသံ
ကြားပြီး တခဏ၌ ဦးဘချိုတို့၏ ရှေ့ရှိ ချုံတစ်ချုံထဲမှ
ကိုးတောင်ကျားကြီးတစ်ကောင် ခုန်ထွက်လာကာ
ဦးဘချိုတို့၏ ရှေ့တွင်ဘဲ ဟိုလျှောက် ဒီလျှောက်လုပ်နေတော့၏။
"ဂါး..ဂီး"
ဦးဘချို မှာ တည်ငြိမ်သူတစ်ယောက်ကဲ့သို့ နေရာတွင်ပဲ့ရပ်လျက် ကျားကြီး၏ အမူအရာအားခဏမျှကြည့်လိုက်ပြီး
"ကဲ ကျားကြီး အဘတို့ မင်းကိုရန်မူမယ့်သူတွေမဟုတ်သလို အဘတို့ကိုလည်း ရန်မမူပါနဲ့ ကွယ် ကိုယ့်လမ်းကိုယ်သာအေးဆေးသွားပါ"
"ဝလိန်း...ဂီး"
"ဖြုန်း"
ဦးဘချို၏စကားအဆုံး၌ ကျားကြီးလည်း ချက်ချင်းပင်
တောနက်အတွင်း ခုန်ပျံဝင်ရောက်ပျောက်ကွယ်သွား
လေတော့သည်။ကျားကြီးထွက်သွားပြီးသည်နှင့် ဦးဘချိုနှင့်နှောင်းခင်ပျိုလည်း ဒေဝီကလျာနတ်ကွန်းရှိရာ တောင်ကုန်းလေးပေါ်သို့ ဆက်၍ တက်လာခဲ့လေသည်။နတ်ကွန်းသို့ရောက်သည်နှင့် အသင့်ပါလာသောဖယောင်းတိုင်နဲ့အမွေးတိုင်တစ်ချို့အားယူထုတ်ကာဒေဝီကလျာ နတ်ရုပ်ရှေ့၌ ထွန်းညှိပူဇော်လိုက်သည်။နှောင်းခင်ပျိုကတော့ လုပ်နေကြအတိုင်းပင် ဒေဝီကလျာနတ်ရုပ်ကြီးနှင့်တကွ နတ်ကွန်း၏ နံဘေး
ပတ်ပတ်လည်ရှိ အမှိုက်သရိုက်များအား လိုက်လံသိမ်း
ဆည်းခါရံလိုက်သည်။ဤသည်မှာ ဦးဘချိုတို့ ဆေးကုရန်သွားသည့်အချိန်တိုင်းလုပ်နေကြအလုပ်ပင်။
လုပ်စရာအလုပ်များ လုပ်ပြီးသည်နှင့် ဦးဘချိုတို့လည်း
ဒေဝီကလျာနတ်ကွန်းကို ကျောခိုင်းခဲ့ကြတော့သည်။
"အဘ ဒီနေ့ဘယ်ရွာကို သွားကြမလဲ "
"ရွှေကျင်ဂျောင် ရွာဖက်ကို သွားမှာ သမီး
အဲဒီရွာဖက်မှာ ချောင်းထဲတစ်နေကုန် ရွှေကျင်ကြလွန်းလို့ အအေးမိဖျားနာသမားတွေများတယ်"
"ဟုတ်ကဲ့ အဘ"
စကားတစ်ခွန်းစနှစ်ခွန်းစပြောပြီး တောင်စောင်းအတိုင်းဆင်းချလာကာ ရွှေကျင်ဂျောင်ရွာသို့ ဦးတည်လိုက်တော့သည်။ရွှေကျင်ဂျောင်ရွာသို့ရောက်တော့
နေပင်အတော်မြင့်ချေပြီ။ရွာထဲသို့ ဦးဘချိုတို့် ခြေလှမ်းရန်ပင်ရှိသေးသည်။ရွာလမ်းမကြီးအတိုင်းဦးဘချိုတို့ရှိရာသို့ ဒရောသောပါး ပြေးချလာသော လူတစ်ယောက်။ဦးဘချိုတို့အရှေ့သို့ရောက်သည်နှင့်
ဒူးထောက်ချလိုက်သည်။တစ်ကိုယ်လုံးမှာလည်း
ချွေးများရွဲနစ်နေပြီး မျက်ရည်တစ်ချို့်ထွက်နေကာ ထိုသူ၏ မျက်နှာမှာသောကများဖြင့်ပြည့်နှက်နေတော့သည်။
"ဆရာဘချို ဆရာဘချို ကျွန်တော့်သားလေးကိုကယ်ပါဗျာ ကျွန်တော့်သားလေးကိုကယ်ပါ"
"ဘယ်လိုဖြစ်လာရတာလဲကွယ့် ကဲထထ"
"ကျွန်တော့်သားလေး မနေ့က ရွှေကျင်ပြီးပြန်လာကတည်းက အပျင်းဖျားနေတာအခု မျက်ဖြူတောင်ဆိုက်နေပြီ ဆရာရဲ့ ကျွန်တော့်သားလေးကိုကယ်ပါနော်"
"ကဲ လာလာ ပြောနေကြာတယ် "
ထိုသူမှာလည်း ဦးဘချိုကိုခေါ်၍ ရှေ့မှ ပြေးမတတ် ထွက်သွားရာ ဦးဘချိုတို့မှာလည်း ထိုသူအနောက်မှ အမြန်သုတ်ခြေတင်၍ လိုက်ခဲ့ရတော့သည်။အိမ်ရောက်တော့ အိပ်ယာပေါ်၌ မျက်ဖြူများလန်ကာ
ဆန့်တစ်ငင်ငင်ဖြစ်နေသော လူငယ်အားတွေ့လိုက်ရသည်နှင့်
"သမီး ဆေးလွယ်အိပ်ထဲက ဂမုန်းပေါင်း ဆေးတောင့်
လေးယူထုတ်ပြီး အဘကို အမြန်ပေး"
"ဟုတ်ကဲ့ ရော့ အဘ"
"လူလေး ကျောက်ပျဉ်ရှိလားကွယ့်"
"ရှိပါတယ် အဘ "
"အဘ ဆီကို ကျောက်ပျဉ်နဲ့ ရေအနည်းငယ်ယူလာပေးပါအုံး"
"ဟုတ်ကဲ့ ဆရာ"
လူနာ၏ ဖခင်ဖြစ်သူမှာ ဦးဘချိုခိုင်းသမျှအားပြာပြာသလဲလိုက်လုပ်ပေးနေတော့သည်။
လူနာနံဘေး၌လည်း လူနာလာကြည့်ကြသူများနှင့်
စည်ကားလျက်ရှိနေတော့၏။
"ဒီမှာရပါပြီဆရာ"
"အေးအေး"
ဦးဘချိုလူနာ၏ ဖခင်ယူလာပေးသည့် ကျောက်ပျဉ်ပေါ်၌ရေအနည်းငယ် လောင်းချလိုက်ပြီး ဂမုန်းပေါင်းဆေးတောင့်ကို သွေး၍ လူနာအား တိုက်ချလိုက်တော့သည်။
{၉}
ဆေးအရှိန်ရသည်နှင့် လူနာလည်း ဝေဒနာကိုမေ့ကာ
အိပ်ပျော် သွားလေတော့သည်။
"ကဲ လူလေး ဘာမှစိတ်ပူစရာမရှိတော့ပါဘူး
ရော့ ဒီဆေးတွေကို ပုံမှန်တိုက် "
"ကျေးဇူးတင်လိုက်တာ အဘရယ်
ဆေးဖိုးလေးနဲ့ပူဇော်ပါရစေ"
"မယူပါရစေနဲ့ကွယ် ဒီငွေတွေနဲ့ အဘတို့ဘယ်မှာမှ
အသုံးချလို့မရပါဘူး အဘတို့ပြန်ပါအုံးမယ်"
"ကျေးဇူးတင်ပါတယ် အဘ"
ဦးဘချိုတို့လည်း လူနာသားအဖအား နှုတ်ဆက်ပြီး
အိမ်ပေါ်မှဆင်းခဲ့တော့သည်။အိမ်အောက်ရောက်သည်နှင့် ရွှေကျင်ဂျောင်ရွာ သူကြီးမှ လာရောက်နှုတ်ဆက်ကာဦးဘချိုတို့အား နေ့လည်စာကျွေးမွေးလေသည်။သူကြီးကျွေးသည့်နေ့လည်စာများစားပြီး သူကြီးတို့နှင့်
အနည်းငယ်မျှ စကားပြောကာ တစ်ခြားရွာများသို့်ဆေးကုရန်အတွက် နှုတ်ဆက်ပြီးပြန်ထွက်လာခဲ့တော့သည်။ရွှေကျင်ဂျောင်ရွာအနီးအနားပတ်ဝန်းကျင်ရှိ
အေးချမ်းသာရွာ၊စခန်းသစ်ရွာများသို့ လိုက်လံကုသပေးပြီး ပြန်လာသည့်အချိန်မှာတော့ နေပင်အတော်စောင်းချေပြီ။တောင်အနောက်ဖက်ဆီသို့ ယွန်းကျလုမတတ် နေလုံးကြီးကြောင့် ဦးဘချိုလည်း မမှောင်ခင် မြိုင်ကြီးဂူသို့ ရောက်အောင် နှောင်းခင်ပျိုအား
ခေါ်၍ ခပ်သုတ်သုတ်ပြန်လာခဲ့တော့သည်။တောအုပ်ထဲအစဝင်လိုက်သည့်အချိန်မှာတော့ ငှက်တစ်ချို့ပင်
အိပ်တန်းဝင်ကြချေတော့မည်။မျောက်များမှာလည်း
အထိန်လိုက်အုံဖွဲ့၍ မိမိ၏ သားရင်သွေးငယ်များအား
ပိုက်ချီကာ အိပ်တန်းတက်ရာဆီသို့ သစ်ပင်တစ်ပင်မှ
တစ်ပင် ကူးခပ်သွားလာနေကြ၏။သစ်ပင်ကြီးများ
ဖုံးအုပ်နေသော မြိုင်မဟာတောကြီးကား ပုံမှန်ထက်ပင်ပို၍ မှောင်မည်းနေချေတော့သည်။ဦးဘချိုလည်း
အမြန်ရောက်ချင်ဇောဖြင့်ရှေ့ မှခပ်မြန်မြန်သွားနေပေရာ နှောင်းခင်ပျိုလေးမှာလည်း ဦးဘချို၏နောက်မှ
ထပ်ကြပ်မကွာလိုက်နေရတော့၏။အားနွဲ့သည့်မိန်းမသားဆိုသော်လည်း တောတောင်များနှင့်ကျက်သားရနေပြီဖြစ်သောနှောင်းခင်ပျိုလေးမှာ ယောကျာင်္းတစ်ယောက်နီးပါးပင်ကြံ့ခိုင်သန်မာနေတော့သည်။နေပြောက်မထိုးအောင် ပိန်းပိတ်နေသည့် တောနက်အတွင်းနေရ၍လည်း သူမ၏ အသားအရေမှာဖြူဖွေးဝင်းလက်နေပေ၏။ခန္ဓာကိုယ်အချိုးအစားလှပရုံသာမကဘဲ ရုပ်ရည်ကလေးမှာလည်းလှပနေပေတော့ မြင်သူတကာငေးအလှပဂေးဖြစ်နေရတော့သည်။တောကြီးမျက်မည်း
ထဲ ဆရာတပည့်နှစ်ယောက် တိုးရှိုဝင်ရောက်လာရင်း အချိန်မှာလည်း အမှောင်အတိသို့ကျရောက်သွားလေတော့သည်။ခြောက်ခြားမှုများဖြင့် ပြည့်နှက်နေသော
မြိုင်မဟာတောကြီးအတွင်း၌ အမှောင်ရိပ်များ လွှမ်းမိုးလိုက်သည်နှင့်တစ်ပြိုင်နက် ထိုအမှောင်ရိပ်နှင့်အတူ
မကောင်းဆိုးဝါးနာနာဘာဝများလည်း အသီးသီးထွက်လာကြလေသည်။
"ဝှီး...ဝှစ်"
"အဘ ဘာတွေလဲ နှောင်း ကြောက်တယ်"
"ဘာမှမကြောက်နဲ့သမီး ကိုယ့်လမ်းကိုယ်သာသွားရင်
ကိုယ့်ကို ဘယ်သူမှရန်ပြုလို့မရပါဘူး"
မှိုင်းအုပ်နေသော သစ်ပင်ကြီးများအပေါ်၌ ပျံဝဲသွားလာနေကြသော မဲမဲအရိပ်များကား မြိုင်မဟာတစ်တောလုံး၌ ပြည့်နှက်နေပေတော့၏။ထိုအရိပ်များကြောင့်နှောင်းခင်ပျိုလေးမှာ မိန်းခလေးပီပီကြောက်ရွံနေသော်လည်း ဦးဘချို၏ နှစ်သိမ့်စကားနှင့်အတူ
ကြောက်စိတ်ကိုဖြေဖျောက်၍ ဆက်လက်ခရီးဆက်ခဲ့လေသည်။ရှေ့တွင်ကားအမှောင်ရိပ်ထဲမှ မြိုင်နန်းရှင် ဒေဝီကလျာမင်းသမီး၏ နတ်ကွန်းအားလှမ်းမြင်ရချေပြီ။
နတ်ကွန်းရှိရာနှင့်မြိုင်ကြီးဂူကားသိပ်မဝေးလှတော့၍
နှစ်ယောက်စလုံး အားတက်သရော နတ်ကွန်းရှိရာသို့
လှမ်းတက်လာခဲ့လေသည်။တစ်ချိန်တည်းမှာပဲ့ ရုတ်တရက်ဆိုသလို မိုးကလည်း သည်းသည်းမဲမဲရွာချလာလေတော့သည်။ကံကောင်းထောက်မစွာပင် နတ်ကွန်းသို့အချိန်မီရောက်၍ မိုးမမိတော့ပေ။ဦးဘချိုလည်း
နတ်ကွန်းသို့ရောက်သည်နှင့် လွယ်အိပ်ထဲမှ ဖယောင်းတိုင်၊အမွှေးတိုင်အချို့နဲ့ ဆေးကုသပေးသည့်ရွာမှ
လက်ဆောင်အဖြစ်ပေးလိုက်သော သစ်သီးဝလံများအားတောင်းယူ၍
မယ်တော်အား ပူဇော်ဆက်သလေသည်။ဖယောင်းတိုင်မီးသုံးလေးချောင်းနှင့်အမွှေးတိုင်များကြောင့်
မယ်တော့်နတ်ကွန်းတစ်ခုလုံးကားလင်းထိန်သွားလေ၏။သို့သော်လည်း အပြင်ဖက်တွင်ကား
မှောင်မည်းနေခြင်းနဲ့အတူ မိုးကလည်း သည်းထန်စွာရွာသွန်းနေပေသည်။ဦးဘချိုလည်းဖယောင်းတိုင်မီးများထွန်းညှိကာ နတ်ရုပ်ကြီး၏ရှေ့တွင်ထိုင်ချလိုက်သည်။နှောင်းခင်ပျိုလေးလည်း ဦးဘချိုနောက်မှ
လိုက်၍ ရိုသေစွာထိုက်ချလျက်။ထိုနောက်ဦးဘချို၏ နှုတ်မှ
"မြိုင်နန်းရှင်ဒေဝီကလျာမယ်တော်ကြီး ခင်ဗျ
မယ်တော်ကြီးကို ဆီမီး၊သစ်သီးတွေနဲ့ဆက်သပူဇော်ပါတယ် အပြင်ဖက်မှာမိုးတွေတအားသည်းနေလို့ ကျွန်တော်တို့ကို မယ်တော်ကြီး၏ နတ်ကွန်းတွင် ခဏမျှမိုးခိုခွင့်ပြုပါ ခင်ဗျ"
"ခွင့်ပြုပါတယ်ကွယ် ခိုပါ"
ကြားလိုက်ရတဲ့အသံကြောင့် အံ့သြမင်သက်ခြင်းနှင့်အတူ ဦးဘချိုနှင့်နှောင်းခင်ပျိုလည်း အသံလာရာဆီသို့ မော့ကြည့် လိုက်မိလေတော့သည်။
အပို်င်း ၄ ဆက်ရန်
Credits
No comments