မြိုင်မဟာ ဓာတ်ရှင်(အပိုင်း ၆)
မြိုင်မဟာ ဓာတ်ရှင်(အပိုင်း ၆)
တောင်လုံးကျော်ဆေးပင်ရှာပုံတော်
{၁၆}
"အူး...ဝူး...ဝူး"
တိတ်ဆိတ်နေသော ညတစ်ည၌ ခွေးအူသံများ မြိုင်မဟာတောကြီးအတွင်းရှိ အခေါင်းပျောက်ရွာမှတဆင့် ပြန့်နှံ့၍ထွက်လာလေသည်။ခြောက်ခြားစရာခွေးအူသံများနှင့်အတူ အခေါင်းပျောက်ရွာသူရွာသားများလည်း ကြောက်ရွံတုန်လှုပ်နေကြလျက်။ထိုသို့ ခွေးအူသံများအား ဖြစ်ပေါ်စေသည့်အကြောင်းအရင်းကား ဒေါ်မယ်ခ တို့ပျဉ်ထောင်အိမ်ပယောဂ မကင်းနိုင်ပါချေ။အိမ်အောက်တစ်ခွင်လုံး အောက်လင်းမီးအိမ်များ အနှံ့ထွန်းညှိထားသော ဒေါ်မယ်ခတို့အိမ်၌ အိမ်သူအိမ်သားများ မနားနိုင်အောင်ပင်
အလုပ်များရှုပ်နေကြတော့သည်။
"မြင့်ဦး အရုပ်တွေ မလှဲစေနဲ့ဟေ့ သေချာရပ်ပေးပြီး ဒေါက်ထောက်ထား ဖိုးထူး အရုပ်တွေ ပြုတ်ထွက်မကုန်စေနဲ့ ကြားလား သေချာအသာလေး မ"
"ဟုတ်ကဲ့ ကိုကိုကြီး"
"ယက္ခ အားလုံး ဘယ်နှရုပ်ရှိလဲ"
"အခု နောက်ဆုံးပြီးတဲ့ တစ်ရုပ်နဲ့ဆို တစ်ရာ အတိပါ မယ်မယ်ကြီး"
"တစ်ရာတောင်ရပြီလား အေးအေး ကောင်းတယ် သူတို့တွေကို ဒီညအသက်သွင်းပေးရမယ်"
"ကောင်းပါတယ် မယ်မယ်ကြီး"
အောက်လင်း မီးအိမ်များမှထွက်လာသော အလင်းရောင်များအောက်၌ မတ်တပ်ရပ်စေပြီး ဒေါက်ထောက်ထားသည့်
အရုပ်များကား ညီညာစီတန်း နေတော့၏။အရုပ်များအားကြည့်၍ ပီတိဖြစ်နေသူကတော့ ဒေါ်မယ်ခပင်။
အရုပ်အားလုံး ရပ်စေပြီးသည်နှင့် ဒေါ်မယ်ခ၊ယက္ခ၊ခင်နွဲ့ရီ၊
မြင့်ဦးနှင့်ဖိုးထူးတို့ အရုပ်များအား ကြည်နူးမှုဖြင့်ပြည့်နှက်နေသည့်အပြုံးမျက်နှာများနှင့် လှမ်းကြည့်နေကြသည်။
"ကဲ ယက္ခ စားပွဲခုံတစ်လုံးနှင့် ငှက်ပျောပွဲအုန်းပွဲတွေပြင်တော့ဟေ့ ပြီးရင် အနောက်တံခါးကိုလည်းဖွင့်လိုက်အုံး"
"ဟုတ်ကဲ့ မယ်မယ်ကြီး"
ဒေါ်မယ်ခ၏ညွှန်ကြားချက်အတိုင်း ယက္ခ၊မြင့်ဦးနှင့်ဖိုးထူးတို့လည်း ပြာပြာသလဲပင်လိုက်လုပ်ကြ၏။
ခဏမျှအကြာတွင်တော့ စားပွဲခုံတစ်လုံးပေါ်၌ ငှက်ပျောပွဲနှစ်ပွဲနှင့် ဆီမီးဖယောင်းတိုင်များ အစုံအညီ ပြင်ဆင်၍ပြီးသွားလေတော့သည်။အားလုံးပြင်ဆင်ပြီးသည်နှင့်
ဘူတာဝါဟန ပညာရှင် ဒေါ်မယ်ခမှ ဝတ်ရုံအနက်ကြီး ခြုံကာစားပွဲခုံရှေ့၌ ဟန်ပါပါဝင်ထိုင်လိုက်လေသည်။ငှက်ပျောပွဲများတင်ထားသော စားပွဲနှင့်မလှမ်းမကမ်းတွင်တော့
ငြိမ်သက်နေကြသော အရုပ်များ။တိတ်ဆိတ်နေသော ညအလယ်မှ ဒေါ်မယ်ခတို့အိမ်ကြီးမှာ ခဏမျှတိတ်ဆိတ်ငြိမ်သက်သွားလေသည်။ငှက်ပျောပွဲများနံဘေး၌ မျက်လုံးနှစ်လုံးမှိတ်၍ နှုတ်မှ တတွတ်တွတ် ရွတ်နေသော ဒေါ်မယ်ခဆီသို့ ကျန်ရှိနေသော လူများ၏မျက်လုံးမှ စိတ်ဝင်တစားကြည့်နေကြလျက်။အချိန်မှာလည်း ညသန်းခေါင်ယံသို့ရောက်ရှိလို့လာပါပေပြီ။ဒေါ်မယ်ခ၏ နှုတ်မှ အချိန်ကြာမြင့်စွာ ရွတ်ဆိုပြီးသည့်အချိန်မှာတော့ ပျဉ်ထောင်အိမ်ကြီး တစ်ဝိုက်၌ အရိပ်မဲမဲများ အုပ်စုလိုက် လှုပ်ရှားလာတော့သည်။ဖွင့်ထားသော အနောက်တံခါးမှတစ်ဆင့် အတိုင်းသား လှမ်းမြင်နေရသော ထိုအရိပ်များကား အမှောင်ထဲ၌ ခြောက်ခြားစရာကောင်းလောက်အောင်ပင် တစ်ခုနှင့်တစ်ခု တိုးဝှေ့လှုပ်ရှားနေကြတော့၏။ခဏမျှတိတ်ဆိတ်နေသော
အခေါင်းပျောက်ရွာကြီးမှာလည်း ယခင်အတိုင်း ခွေးအူသံများ နေရာအနှံ့ပြန်လည် ပေါ်ထွက်လာပေရာ ထိတ်လန့်ဖွယ်ညတစ်ည ဖြစ်နေတော့သည်။
ထိုအချိန်တွင်ပဲ့ ငြိမ်နေသော ဒေါ်မယ်ခ ဆီမှ
"အပြင်မှာရောက်နေကြတဲ့ အကောင်များ အထဲဝင်ခဲ့လို့ရပါပြီ....ပြီးရင်ကိုယ်နှစ်သက်တဲ့အရုပ်ထဲဝင်ပြီး
နေရာယူကြပါ တစ်ကောင်နှင့်တစ်ကောင်လုပြီးမဝင်ကြပါနဲ့"
တကယ်တော့ ဘူတာဝါဟန ပညာရပ်ကား မကျွတ်မလွှတ်ဝိဥာဉ်များအား အရုပ်ထဲသို့ သွင်း၍ လူတစ်ယောက်ကဲ့သို့
ဖန်တီးသည့်ပညာရပ်ပင်ဖြစ်ပေသည်။အရုပ်ထဲသို့ရောက်သည်နှင့် ထိုပညာရပ်၏ ဂါထာမန္တန်အစွမ်းကြောင့် ဝိဥာဉ်များမှာလည်း လူတစ်ယောက်ပြန်လည် ဖြစ်သည့်အလား
ပင်။အခေါင်းပျောက်ရွာသည်လည်း ဘုရားတရားနှင့်ကင်းဝေးနေသည့်ရွာဖြစ်၍ မကျွတ်လွတ်သောနာနာဘာဝများလည်းများစွာရှိနေပေရာ ဒေါ်မယ်ခ ၏ အမိန့်ပေးသံအဆုံး၌ ဖွင့်ထားသောအနောက်တံခါးတစ်ဆင့် အလုံးအရင်း ဝင်ရောက်လာကုန်ကြတော့သည်။ထိုနောက် စီတန်းထားသောအရုပ်များထဲသို့ ကိုယ်စီ ကိုယ်စီဝင်ကုန်ကြပြီး ငြိမ်သက်နေကြသော အရုပ်များ တစ်ဖြည်းဖြည်းလှုပ်ရှားလာကုန်၏။
"ကဲ အားလုံးဝင်ပြီး ကြပြီဆိုတော့ ကျန်တဲ့အကောင်တွေ
ကိုယ့်နေရာကိုပြန်လို့ရပါပြီ"
ယခုတော့ ယခင်အရုပ်များ လူတစ်ယောက်ကဲ့သိုဖြစ်နေကြပေပြီ။ထောက်ထားသော တုတ်များမှာလည်း အားလုံးလှဲကျကုန်ပြီး အသက်ဝင်နေသော အရုပ်များမှာ
လမ်းလျှောက်သင်ခါစခလေးတစ်ယောက်လို ယိုင်နေကြကုန်တော့သည်။
"မင်းတို့ကို ငါလူတစ်ယောက်လိုဖန်ဆင်းပေးလိုက်ပြီးပြီ
အဲဒီတော့ ငါ့ကျေးဇူးကိုဆပ်တဲ့အနေနဲ့ မင်းတို့ ငါခိုင်းသမျှ
အားလုံးလုပ်ကြရမယ် နားလည်ကြလား"
{၁၇}
ဒေါ်မယ်ခ အမိန့်ပေးသည့်လေသံမျိုးဖြင့်ပြောလိုက်ပေမယ့် အရုပ်တစ်ဖြစ်လဲ သူရဲကောင်းများဆီမှ မည်သည့်တုံ့ပြန်သံမှပြန်မကြားရပေ။ယခုမှ အသစ်ပြန်လည်ရရှိသောခန္ဓာကိုယ်အား မလှဲကျစေရန်သာ ကြိုးစားရပ်နေကြသည်။
"အော်...မေ့လို့ မင်းတို့က အခုမှ လူစဖြစ်တာဆိုတော့
ငါပြောတာတွေဘယ်နားလည်အုံးမလဲ ကဲ ယက္ခ မင်းလူတွေကိုခေါ်ပြီး သူတို့ကို လမ်းလျှောက်ရအောင်သေချာ
သင်ပေးလိုက်ပါအုံး"
"ဟုတ်ကဲ့ မယ်မယ်ကြီး"
ဒေါ်မယ်ခ ယက္ခတို့အား တာဝန်လွဲပြီးသည်နှင့် အိမ်ပေါ်သို့တက်သွားလေတော့ဒေါ်မယ်ခနောက်မှ
ခင်နွဲ့ရီလည်း ကနွဲ့ကလျတက်လိုက်သွားလေတော့သည်။
အိမ်အောက်တွင် ကျန်ရစ်ခဲ့ကြသူများကတော့ ယက္ခ၊မြင့်ဦးနှင့်ဖိုးထူးတို့ပင်။ထိန်လင်းနေသော အောက်လင်းမီးအိမ်
များအောက်မှ ယိုင်နဲ့နေကြသော သူရဲကောင်းများအား
ပုံမှန်လူတစ်ယောက်ကဲ့သို့ ကျွမ်းကျင်စွာ လမ်းလျှောက်တတ်စေရန်အတွက် သင်ကြားပေးကြရင်း ခြောက်ခြားစရာ ညအား ကုန်ဆုံးစေလိုက်သည်။
########
မနက်မိုးလင်း၍ နေရောင်ခြည်ဖြာကျလာသည်နှင့် အခေါင်းပျောက်ရွာသူရွာသားများလည်း မိမိတို့၏နေ့စဉ်အလုပ်ဖြစ်သည့် အမဲလိုက်၊မှိုရှာမျှစ်ချိုး အလုပ်များလုပ်ကိုင်ကြရန်မြိုင်မဟာတောထဲသို့အသီးသီးဝင်ကုန်ကြလေတော့သည်။သာယာလှသည့် မနက်ခင်းအလှအား
ပျဉ်ထောင်အိမ်ကြီးရှေ့ သစ်ပင်အောက်ရှိခုံလေးပေါ်ထိုင်ကာ တစ်ဝကြီးခံစားနေသူကတော့ ခင်နွဲ့ရီဟူသော မိန်းမလှလေးပင်။
"မမလေး"
"ဟင် ဖိုးထူး ဘာလဲဟင်"
"မယ်မယ်ကြီးကခေါ်ခိုင်းလိုက်လို့ပါ"
"အေးအေး လာခဲ့မယ်နော်"
ပတ်ဝန်းကျင် အလှအပအား ဝအောင်ပင်မခံစားလိုက်ရ
ဒေါ်မယ်ခအခေါ်တော်လွှတ်လိုက်၍ ခင်နွဲ့ရီလည်း မွန်းကြပ်လှသောအိမ်ထဲသို့ ပြန်ဝင်လာခဲ့ရတော့သည်။အိမ်အောက်တွင်တော့ လမ်းလျှောက်ကျင့်နေကြသော အရုပ်များဖြင့်ပြည့်နှက်နေသည်။ခင်နွဲ့ရီ လည်း သက်ပြင်းတစ်ချက်လိုက်၍ အိမ်အောက်လှေခါးမှတစ်ဆင့် အပေါ်ထပ်သို့တက်လာခဲ့လေသည်။အပေါ်ထပ်တွင်တော့
ခင်နွဲ့ရီမှလွဲ၍ လူစုံနေကြပေပြီ။
"လာ မြေးလေး ထိုင် မယ်မယ်ကြီး ဒီလောက်အတန်တန်မှထားတဲ့ကြားက အပြင်မှာထွက်ထိုင်ပြန်ပြီ"
"အိမ်ထဲမှာချည်း နေရတာပျင်းလာလို့ပါ"
ခင်နွဲ့ရီ ဒေါ်မယ်ခအား အဆင်ပြေသလို ဆင်ခြေပေးရင်း
ဝင်ထိုင်ချလိုက်ပြီး
"မယ်မယ်ကြီး ခေါ်တယ်ဆိုလို့"
"ဟုတ်တယ် မြေးလေး လူစုံတုန်း တိုင်ပင်စရာလေးရှိလို့ခေါ်လိုက်တာ"
"ဘာများလဲဟင် မယ်မယ်ကြီး"
"အခုဆိုရင် မယ်မယ်ကြီးတို့ရဲ့ အကြံအစည်လည်း
တစ်ဝက်လောင်အောင်မြင်လာပြီလို့ဆိုရမယ် ဒီတော့
အခြေအနေကြည့်ပြီး အကောင်အထည် ဖော်သင့်ရဖော်ကြဖို့ပါ"
"မယ်မယ်ကြီး ကြိုက်တဲ့အချိန်သာ စပါ"
"အင်း..ယက္ခ အောက်ကအကောင်တွေအခြေအနေဘယ်လိုရှိလဲ"
"အားလုံး လမ်းကို ကျွမ်းကျွမ်းကျင်ကျင်လျှောက်နိုင်နေကြပါပြီ ပြီးတော့ စကားလည်း ပြောနိုင်ကြပါပြီ"
"အေအေ ကောင်းတယ်ကောင်းတယ် ဒါဆိုရင်
သူတို့ကို သိုင်းပညာသင်ပေးဖို့ပဲ့လိုတော့တာပေါ့
ဒီကိစ္စကိုလည်း မင်းကပဲ့တာဝန်ယူလိုက်ပါ"
"ဟုတ်ကဲ့ မယ်မယ်ကြီး"
"အင်း ဘချို ဘချို သင်း မကြာခင် ကျုပ်အကြောင်း
သိရောပေါ့"
"ဘချိုက ဘယ်သူလဲဟင် မယ်မယ်ကြီး"
"မြေးလေး ညည်း ဘာမှကိုမသိသေးပါလား
ဘချိုဆိုတာက တစ်ချိန်ကျရင် တို့ကိုကောင်းကောင်းကြီး
ဒုက္ခပေးမဲ့ မကောင်းဆိုးဝါး တစ်ကောင်ပေါ့ အခု သူဟာ
ဇော်ဂျီ ဖိုဝင်ဖို့အတွက်ကျင့်စဉ်တွေအားကုန်အားခဲကျင့်နေတာလေ"
"အဲဒီလို ကျင့်တော့ဘာဖြစ်လဲဟင် မယ်မယ်ကြီး"
"ဖြစ်လာမယ့်ဆိုးကျိုးတွေကတော့အများကြီးပေါ့
မြေးလေးရယ် ဇော်ဂျီဖိုဝင်အောင်မြင်သွားလို့ တစ်နေ့
သိန္ဒီရှိတဲ့ သူတစ်ယောက်ဖြစ်သွားရင် မယ်မယ်ကြီးတို့မှာ
ရှိတဲ့ပညာတွေကိုဖျက်ဆီးပစ်လိမ့်မယ် ဒီတော့ သူ့ကို
အဲဒီဖိုဝင်ခြင်းမအောင်မြင်အောင်နှောက်ယှက်ရမှာပဲ့
အဲဒီအချိန်ကျရင် မယ်မယ်ကြီးတို့မှာ ရရှိလာမယ့်ကောင်းကျိုးတစ်ခုတော့ရှိတယ်"
"ဘာများလဲဟင် မယ်မယ်ကြီး"
"ဇော်ဂျီဖိုဝင်တဲ့သူမှန်သမျှဟာ သူတို့ကျင့်စဉ်မအောင်မြင်ဘဲပျက်စီးသွားလို့ရှိရင် မိစ္ဆာအဖြစ်ပြောင်းလဲသွားတယ်ကွဲ့
အဲဒီအချိန်ကျရင် အဲဒီဖိုဝင်မှားတဲ့မိစ္ဆာကို မယ်မယ်ကြီး
တို့ရဲ့ပညာနဲ့ ထိန်းချုပ်ပြီးလိုသလိုခိုင်းစေနိုင်ပြီပေါ့
ဒီမိစ္ဆာဟာ တစ်ခြား ဘယ်မကောင်းဆိုးဝါးနှင့်မှမတူအောင် ခွန်အားကြီးတယ်လေ"
"ဒါဆို အရုပ်တွေလုပ်နေတာ သူ့ကိုဖျက်ဆီးဖို့ပေါ့"
"ဒါပေါ့ ယက္ခရ"
"ဒါများ မယ်မယ်ကြီးရယ် သူ့မှာဖိုဝင်မအောင်မြင်သေးသ၍ ဘာတန်ခိုးအစွမ်းမှမရှိတာ ကျွန်တော်တို့ချည်းလည်း သွားနှောက်ယှက်လို့ရတာပဲ့"
{၁၈}
"ထင်သလောက်မလွယ်ဘူး ယက္ခ ဘာအစွမ်းမှမရှိတာမှန်ပေမယ့် သူ့မှာ သိုင်းပညာကို တစ်ဖက်ကမ်းခပ်အောင်
ကျွမ်းကျင်တဲ့ ကြောင်ပျံမင်းသီဟဆိုတဲ့ လူရွယ်တစ်ယောက်ရှိတယ်"
"ကြောင်ပျံမင်းသီဟ ဟုတ်လားမယ်မယ်ကြီး"
"ဟုတ်တယ် မြေးလေး ဒါတင်မကသေးဘူး
မကြာသေးခင်ကမှ ဘချိုကို ဒေဝီကလျာမယ်တော်
ချီးမြှင့်ထားတဲ့ မြိုင်မဟာဓာတ်ရှင်လည်းရှိသေးတယ်
အဲဒီဓာတ်ရှင်ကအရေးကြီးဆုံးပဲ့ အဲဒီဓာတ်ရှင်ရှိနေသ၍ကတော့ သူတို့ကိုဘယ်နည်းနဲ့မှနှောက်ယှက်လို့ရမှာမဟုတ်ဘူး ဒါကြောင့် ငါတို့အဓိက လုပ်ရမယ့်အလုပ်က အဲဒီ ဓာတ်ရှင်ကို ငါတို့လက်ထဲအရင်ရောက်ဖို့ပဲ့"
"မယ်မယ်ကြီးရဲ့ အစီအစဉ်အတိုင်းလုပ်ဆောင်ပါ့မယ် ခင်ဗျ"
"မြေးလေး"
"ရှင် မယ်မယ်ကြီး"
"ညည်းက ဘာမှမလုပ်ရဘူးဆိုတော့ တာဝန်တစ်ခုပေးမယ်"
"ဟုတ်ကဲ့ပြောပါ မယ်မယ်ကြီး"
"မနက်ဖြန်ကျရင် မြိုင်ကြီးငူကိုသွားပြီး သူတို့ရဲ့အခြေအနေကိုစောင့်ကြည့်ရမယ်"
"ဟုတ်ကဲ့ မယ်မယ်ကြီး"
ဒေါ်မယ်ခတို့၏ စကားဝိုင်းမှ အသံများကား မြိုင်မဟာတောအတွင်းသို့ ငြင်သာစွာ ပျံ့လွှင်သွားနေတော့၏။
######
မြိုင်ကြီးဂူ ရှေ့ရှိ စမ်းချောင်းလေး၌ ဒူးသာသာခန့်သာရှိသော ရေများတစ်သွင်သွင်စီးဆင်းနေသည်။မနက်ခင်း မပျောက်ကွယ်သေးသောနှင်းနုများအကြား ဖြာကျလာသောနေရောင်ခြည်နှင့်အတူ စမ်းချောင်းကလေးမှရေစီးသံ၊ကျေးငှက်သံများနှင့်လွန်စွာမှသာယာလှပေသည်။မြိုင်ကြီးဂူအတွင်း၌ကား တော၏တိတ်ဆိတ်မှုကိုအခွင့်ကောင်းယူ၍ တရားကျင့်နေသော လူကြီးတစ်ဦး။ဂူရှေ့တွင်တော့ တောတိရိစ္ဆာန်ငယ်များနှင့် ဆော့ကစားနေသည့် မိန်းမပျိုလေးတစ်ဦးတို့ ရှိကြသည်။သူမ၏မျက်နှာကား အပြုံးများနှင့်ပြည့်လျှံနေပြီး ချစ်စရာကောင်းသော သမင်လေးတစ်အောင်အား ငြင်သာစွာပွတ်သပ်ပေးနေလေသည်။ထိုအခိုက် သူမရှိရာသို့ ခွာသံအချို့နဲ့အတူ
လူသုံးယောက်စီးနှင်လာသော မြင်းတစ်စီးဆိုက်ရောက်လာလေသည်။မြင်းရှေ့တွင်ထိုင်၍မောင်းနှင်လာသော
သူအား သူမရင်းနှီးစွာသိပေမယ့် မြင်းနောက်တွင်ပါသည့်
လူနှစ်ယောက်ကိုတော့သူမ မသိပါချေ။သူမ၏ နံဘေးမှ တိရိစ္ဆာန် ကလေးများကတော့ ရောက်ရှိလာသောသူစိမ်းများကြောင့် တောထဲသို့ဝင်ပြေးကြကုန်ကြ၏။
"ဟင်...အကိုပြန်လာပြီ"
"ဟုတ်တယ်..ညီမလေး အဘကော"
"ရှိတယ်..အကို အထဲမှာ တရားမှတ်နေတယ်"
"ခေါ်လိုက်ပါအုံး ဒီမှာလူနာတစ်ယောက်ပါလာလို့"
မင်းသီဟ စကားအဆုံး၌ တောင်ဝှေးကိုင်လျက် ဦးဘချို
ဂူပြင်သို့ထွက်လာလေသည်။
"မင်းသီဟတောင်ပြန်ရောက်ပြီပဲ့ ဧည့်သည်တွေလည်းပါလာတာကိုး"
"ဟုတ်တယ် အဘ ဒီမှာ ကျည်မှန်ထားတဲ့ လူနာတစ်ယောက်ပါလာလို့"
"ဟုတ်လား လာလာ ဒါဆို လူနာကို အထဲခေါ်ခဲ့"
"ဟုတ်ကဲ့ အဘ လာဦးလေး အထဲဝင်ကြရအောင်"
မင်းသီဟနှင့် ကျွန်ုပ်လည်း သတိမေ့နေသောမိုးကလေးကိုချီ၍ ဦးဘချိုအနောက်မှ ဂူထဲသို့ဝင်လိုက်လာခဲ့သည်။ထိုနောက် ဂူထဲရှိ ကျောက်ကူတင်တစ်ခုပေါ်၌ မိုးကလေးကိုအိပ်စေလိုက်သည်။ဆရာကြီးဦးဘချိုလည်း
ဆေးလွယ်အိပ်ကိုယူပြီး မိုးကလေးနံဘေး၌ထိုင်လိုက်ကာ
"သူ့ကို အပေါ် အင်္ကျီတွေချွတ်ပေးလိုက်ပါအုံး"
"ဟုတ်ကဲ့"
ကျွန်ုပ်လည်း ဆရာကြီးခိုင်းသည့်အတိုင်း မိုးကလေး၏ အပေါ်အင်္ကျီအား ချွတ်ပေးလိုက်သည်။အပေါ်ပိုင်း ဗလာဖြစ်သွားသော မိုးကလေး၏ နောက်ကျောတွင်တော့
ကျည်ဖောက်ဝင်ထားသော ဒါဏ်ရာတစ်ခုကနေရာယူလျက်။ဆရာကြီးလည်း ဒါဏ်ရာနှင့် လူနာ၏
ပုံပန်းသဏ္ဍာန်အား စမ်းသပ်အကဲခပ်လိုက်ပြီး သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်သည်။ကျွန်ုပ်မှာတော့ ဆရာကြီး၏အမူအရာကိုကြည့်၍ မိုးကလေးအတွက် လွန်စွာမှစိုးရိမ်ပူပန်နေမိတော့သည်။မိုးကလေးကား
ကျွန်ုပ်ကိုပင် မထောက်ဘဲ ယခုအတိုင် မေ့မျှောနေရာမှ သတိအလည်နိုင်သေး။ဆရာကြီး လည်းအတန်ကြာစမ်းသပ်ပြီးသည်နှင့်
"အင်း ဒါဏ်ရာကတော်တော် စိုးရိမ်ရတာပဲ့
ကျည်ဆိပ်က တစ်ကိုယ်လုံးပြန့်နေပြီ ဒီအတိုင်းဆိုရင်
သူ့အတွက်သေဖို့အချိန်ကိုသာစောင့်ရတော့မှာပဲ့"
"ဗျာ...ဆ ဆရာ ကျွန်တော့်တပည့်ကို မကယ်နိုင်တော့ဘူးလားဟင် "
"အင်း အသက်ရှင်ဖို့ကတော့ နည်းလမ်းတစ်ခုပဲ့ရှိတော့တယ်"
"ပြောပါ ဆရာရယ် ဘယ်လိုနည်းလမ်းမျိုးလဲ"
"မြိုင်မဟာ တောနက်ထဲကိုဝင်ပြီး တောင်လုံးကျော် ဆိုတဲ့
ဆေးပင်ကိုရှာရမှာ ဒီဆေးပင်ကသာ သူ့အသက်ကိုကယ်နိုင်တော့မယ်"
" ဒါဆို ဒီဆေးပင်ကို ကျွန်ုပ်မရရအောင်ရှာပေးမယ်"
"မလွယ်ဘူးငါ့တူ ဒီဆေးပင်က အစောင့်အရှောက်ကြီးတယ်"
"ဘယ်လိုပဲ့ဖြစ်ဖြစ် မနက်ဖြန် ကျွန်ုပ်မရရအောင်ရှာမယ်"
"အင်း အဘမတားပါဘူး ရှာကြည့်ပါ ထိုက်ရင်တော့ရမှာပေါ့ သွားတဲ့အခါ မင်းသီဟကိုပါခေါ်သွား တောကောင်တွေနဲ့တွေ့နေမှာစိုးလို့"
"ဟုတ်ကဲ့ အဘ ကျွန်တော်လည်း လိုက်ပြီးရှာကူလိုက်ပါ့မယ်"
#######
"မင်းသီဟ"
"ခင်ဗျာ ဦးလေး"
"တောင်လုံးကျော်ဆေးပင်က ဘယ်လိုမျိုးလဲဟေ"
"ကျွန်တော်လည်း မသိဘူး ဦးလေး"
{၁၉}
ကျွန်ုပ်နှင့် မင်းသီဟ ပလိုင်း တစ်ယောက်တစ်လုံးလွယ်၍
တောင်လုံးကျော်ဆေးပင်ရှာရန်အတွက် တောင်စောင်းအတိုင်းတက်လာခဲ့သည်။တွေ့သမျှဆေးပင်များအား
တူးဖော်၍ ပလိုင်းထဲထည့်ရင်း နှစ်ယောက်သား စကားတစ်ပြောပြောဖြင့် တောထဲတိုးဝင်လာခဲ့သည်။
"အဲဒါမှ ဒုက္ခပါပဲ့ကွာ ဆေးပင်ရဲ့ပုံစံကိုမသိတော့
ငါတို့ ဘယ်လိုရှာကြမလဲ"
"ဒီလိုပဲ့ တွေ့တဲ့ဆေးပင်တွေ နုတ်သွားရတော့မှာပေါ့ ဦးလေးရာ ဟိုရောက်မှ အဘ ကို ပြကြည့်ကြတာပေါ့"
ပါလာသည့် ဓားတစ်ယောက်တစ်လက်ဖြင့်ခြုံနွယ်များကိုရှင်းရင်း ကျွန်ုပ်တို့နှစ်ယောက်လည်း တောင်လုံးကျော်ဆေးပင်ရှာပုံတော်ဖွင့်နေရတော့သည်။မြိုင်မဟာတောတွင်ကား သာမန်ဆေးပင်များသာမဟုတ်
တောင်လုံးကျော်ဆေးပင်အပါအဝင်သိန္ဓီရှိသောဆေးပင်များဖြစ်သည့်...
နေကြပဘယဆေးပင်
ဣစ္ဆာသယဘယဆေးပင်
ကန့်ကျုပ်နက်ဆေးပင်
ဂမုန်းဖြူ၊ဂမုန်းနီဆေးပင်
ဆေးကမြင်းပင်
ကတ္တီပါရိုးနီပင်
သောတပန်ဆေးပင်
စသည့်ဆေးပင်များလည်းရှိပေသည်။ထိုဆေးပင်များကိုတော့ ဟိမဝန္တာတောင်ဆီမှ သိန္ဓီရှိသူတို့ဆောင်ယူခဲ့ကြခြင်းပင်။ထိုသို့ထူးခြားလှသောဆေးပင်များ၌ အစောင့်အရှောက်လည်းကြီးမားပေရာ ထိုက်တန်သည့်သူများသာရရှိကြပေသည်။ကျွန်ုပ်တို့ နှစ်ယောက်လည်း
တောထဲတိုးနေရင်း နေ့လည်ထမင်းစားချိန်သို့ပင်ရောက်ရှိလာလေတော့သည်။ဗိုက်လည်းဆာလာသည်နှင့်သစ်ပင်ကြီးကြီးတစ်ပင်အောက်တွင်ထိုင်လိုက်ကြပြီး ပါလာသည့်
ထမင်းထုပ်များ ဖြည်ထုတ်လိုက်သည်။မင်းသီဟမှ မစားခင် ထမင်းနှင့်အချို့အားယူ၍ သစ်ရွက်တစ်ရွက်ထဲထည့်ပြီး သစ်ငုတ်တစ်ငုတ်၌ သွားရောက်တင်လိုက်သည်။ထိုနောက် ပါးစပ်မှ
"ဒီတောဒီတောင်ကို စောင့်ရှောက်ကြတဲ့ သမာဒေဝနတ်ကောင်းနတ်မြတ်များခင်ဗျ ကျွန်တော်တို့ရဲ့ထမင်းနဲ့ဟင်းအား မစားခင်အရင်ဦးစား ပသပူဇော်ပါတယ် ဒါကြောင့်
ကျွန်တော်တို့အား ဆေးပင်ရှာဖွေရာ၌ ကူညီဆောင်မပေးတော်မူပါ ကျွန်တော်တို့တွင် သေရေးရှင်ရေးအရေးကြီးလှ၍ ဤဆေးပင်အား မရမနေအလိုရှိနေပါတယ် ခင်ဗျ"
ဟူ၍ သနားစဖွယ်လေးသံဖြင့် သုံးကြိမ်တိုင်တိုင် ပြောဆိုပြီးမှ ထမင်းစားရာနေရာသို့ပြန်လာခဲ့လေသည်။
ကျွန်ုပ်လည်း မင်းသီဟ၏ အပြုအမူကိုကြည့်၍ လွန်စွာမှ
ကြည်နူးမိလေသည်။ပါလာသည့်ထမင်းထုပ်များစားသောက်ပြီးသည်နှင့် ကျွန်ုပ်တို့လည်း ဆေးပင်ရှာရန်အတွက်တောထဲသို့ဆက်လက်တိုးရတော့သည်။သို့သော်လည်း ညနေစောင်းအချိန်သို့ရောက်လာသည့်တိုင် တောင်လုံးကျော်ဆေးပင်ဟုယူဆရသည့်အပင်တစ်ပင်မျှမတွေ့ရသေးချေ။
"ဒုက္ခပါပဲ့ ဆေးပင်လည်းမတွေ့ ကျွန်ုပ်တပည့်အတွက်
မျှော်လင့်ချက်မရှိတော့ဘူးထင်ပါတယ်ကွာ"
"နေတောင်စောင်းနေပြီ ဦးလေး ကျွန်တော်တို့လာတာလည်း တောနက်ထဲတော်တော်ရောက်နေပြီ
မမှောင်ခင် မြိုင်ကြီးဂူကိုရောက်အောင်ပြန်ကြရအောင်နော်"
"ဟူး....."
ကျွန်ုပ်လည်း စိတ်ပျက်လွန်းလှ၍ သက်ပြင်းရှည်ကြီးတစ်ချက်အားချလိုက်ကာ မင်းသီဟနှင့်အတူ ပြန်လှည့်လာခဲ့ရတော့သည်။တောင်စောင်းအတိုင်းပြန်ဆင်းလာရင်း ကြီးမားလှသော ကံ့ကော်ပင်ကြီးအနီးသို့ရောက်
"အား..ကျွတ်...ကျွတ်..အီး"
"ရှုး မင်းသီဟ လူတစ်ယောက်အသံပဲ့"
ကံ့ကော်ပင်ကြီးအားကွယ်၍ ထွက်လာသောလူတစ်ယောက်၏ ညည်းညူသံကြောင့် ကျွန်ုပ်တို့ခြေလှမ်းများလည်းရပ်တန့်သွားတော့သည်။
အပိုင်း ၇ ဆက်ရန်
Credits
No comments