စမ်း ရင် ကြမ်းမယ်
“ စမ်း ရင် ကြမ်းမယ် ”
ဇာတ်လမ်း / စာရေးသူ - “ မိုးစွေ ” ( ဖြစ်ရပ်မှန် )
( စ - ဆုံး )
( အမှန် တကယ်ကြုံခဲ့သော သူ နေရာမှ ခံစား၍ ရေးသည်။
ဤဇာတ်လမ်းတွင် အမှန်တကယ်ပါဝင်ခဲ့သော ပုဂ္ဂိုလ်များ ၏ အမည်များကို
ချန်လပ်ထားပါသည် ။ )
“ ၀ါသနာအရရေးသားခြင်းဖြစ်သောကြောင့် အမှားအယွင်းရှိပါက ခွင့်လွှတ်ပေးစေလိုပါသည် ။
ဝေဖန်မှုများကို ကြိုဆိုပါသည် ။ :) ”
ဤဇာတ်လမ်းလေးကို ရေးသားခွင့်ပြုခဲ့သော
အမ “ Phyu Pyae Kyaw ” ကို
ကျေးဇူးအထူးတင်ပါတယ် ခင်ဗျာ :)
စုန်းအတက်ပညာသည် နိမ့်ကျသောပညာရပ် ၊
သူတစ်ပါးကို ဒုက္ခပေးရာတွင်သုံးသော ပညာရပ်ဖြစ်သည် ။
သို့ရာတွင် လောကတွင် လူဆိုးလူကောင်းရှိသလို
စုန်းလောကတွင်လည်း စုန်းဆိုး ၊ စုန်းကောင်း
ဟူ၍ နှစ်မျိုးနှစ်စား ရှိနိုင်ပါသည် ။
ရှမ်းပြည်နယ် ၏ ထင်ရှားသော မြိုကလေးတစ်ခုဖြစ်သော
‘ တောင်ကြီးမြို့ ’ ၏ (….) ရှိ ( …. ) ရပ်ကွက်တစ်ခုတွင်
နာမည်အလွန်ကြီးသော အိမ်ကြီးတစ်အိမ်ရှိသည်
ထိုအိမ်ကြီးမှာ သရဲရုပ်ရှင်တွေထဲမှ အိမ်ကဲ့သို့မဟုတ်ပဲ
ရိုးရိုး သာမန် လူနေအိမ်သက်သက်ဆောက်ထားသော
ပုံစံမျိုးဖြစ်သည် ။
သို့သော် ညအချိန်မပြောနှင့် နေ့လယ်ခင်း
လင်းလင်းချင်းချင်း အချိန်ဆိုလျှင်တောင်
ထိုအိမ်ကြီးရှေ့မှ ဖြတ်လျှာက်သွားသူတိုင်း
အလိုလိုပင် ကြက်သီးများထလာပြီး
ကျောများ စိမ့်တက်လာတက်သည် ။
မည်သူမှလည်း ထိုအိမ်ကြီးကို ရဲရဲ မကြည့်ရဲပေ
၎င်းအိမ်ကြီး၏ ပိုင်ရှင် မှာ
အသက်အလတ်ပိုင်း အရွယ်ရှိသော
အမျိုးသမီးတစ်ဦးဖြစ်ပြီး
သူမ၏ အမည်မှာ -
‘ ဒေါ်နန်းကြည် ’ ဖြစ်သည် ။
‘ ဒေါ်နန်းကြည် ’ …… သူမသည်
နယ်နယ်ရရမိန်းမ တစ်ယောက် မဟုတ်
စုန်းပညာသည် တစ်ဦးဖြစ်သည် ။
တစ်ရပ်ကွက်လုံးက သူ့ကို ကြောက်လန့်ကြသည် ။
မည်သူမျှသူမကိုမစမ်းရဲကြ သူမကို ပညာစမ်းကြသူများကိုလည်း
သူမက ကောင်းကောင်းပညာပေးခဲ့သည့်
သာဓကများက ရှိခဲ့သည်မဟုတ်လား ။
သို့ပေမယ့် ထိုရပ်ကွက်ထဲမှလူများသည်
သူမကို စုန်းပညာသည်ဖြစ်၍
ကြောက်ရွံ့ကြခြင်းသက်သက်သာဖြစ်သည် ။
‘ ဒေါ်နန်းကြည် ’ ကို မည်သူမျှ မမုန်းကြပေ ။
အဘယ့်ကြောင့်နည်းဟု မေးလိုပါက
သူမ၏ ကောင်းကွက်များကို အနည်းငယ်
ဖော်ပြရပါလိမ့်မည် ။
ရပ်ကွက်ထဲတွင် အလှူတစ်ခုလုပ်မည်ဆိုပါက
ရှေ့ဆုံးမှ ဦးဆောင်သူက ‘ ဒေါ်နန်းကြည် ’ ပင် ၊
ရပ်ကွက်တွင်း သာရေးနာရေးကိစ္စများတွင်လည်း
သူမ လက်မနှေးခဲ့ ၊ ‘ ဒေါ်နန်းကြည် ’ သည် သူမကို
မထိခိုက်ပါက မည်သူ့ကိုမှ သူ၏ပညာစွမ်းဖြင့်
အနိုင်မကျင့်ခဲ့ပါ ။ သူမကို စော်ကားလာပြီ ၊
ထိခိုက်လာပြီဆိုလျှင်လည်း သည်းခံတက်သူမဟုတ်ပေ။
စုန်းပညာသည် ဖြစ်လင့်ကစား မှန်မှန်ကန်ကန်နေထိုင်သောကြောင့်
အတူနေရပ်ကွက်တွင်းမှလူများက သူမကို ချစ်ခင်ကြသည် ။
‘ ဒေါ်နန်းကြည် ’ ၏ထူးခြားချက်တစ်ခုမှာ
သူမသည် တရားဝင် ယောက်ျားနှစ်ယောက်ကို
တစ်အိမ်တည်းတွင်အတူပေါင်းသင်းနေထိုင်သူဖြစ်သည် ။
ခင်ပွန်းကြီး ဖြစ်သူ ‘ ဦးကိုငြိမ်း ’ သည် သူ၏ ဇနီးသည်
‘ ဒေါ်နန်းကြည် ’ ကို အလွန်ပင်မြတ်နိုးသူဖြစ်သည် ။
နံနက်မိုးလင်းပြီဆိုလျှင် ‘ ဦးကိုငြိမ်း ’ တစ်ယောက်
ယောကျာင်္းကြီးတန်မဲ့ သူ၏ ဇနီးသည်နှင့် အမျိုးသားငယ်(လင်ငယ်)
စားဖို့သောက်ဖို့ရာ ဈေးသွားဝယ် ပြီး အိမ်ပြန်ရောက်တော့
ချက်ပြုတ် အားလုံးပြီးတော့မှ သူ၏အလုပ်ကိုသွားသည် ။
သူ၏ချစ်ဇနီးသုံးဖို့ ပိုက်ဆံကိုလည်း ‘ ဦးကိုငြိမ်း ’ သာလျှင်
ရှာဖွေရလေသည် ။ ပတ်ဝန်းကျင်မှ ‘ ဦးကိုငြိမ်း ’ ၏အဖြစ်ကို
မကြည့်ရက်သူများက ၀ိုင်းပြောကြသည် ။
“ ‘ ကိုငြိမ်း ’ ရာ ခင်ဗျား အရွယ်လည်းရှိသေးတာပဲ
ပစ္စည်းဥစ္စာကလည်း ပြည့်စုံနေပါလျှက်နဲ့ ဒီ စုန်းမလို့ နာမည်ကြီးနေတဲ့
မိန်းမကိုယူထားပြီး ဘာကြောင့်များကျွန်ခံနေရတာလဲဗျာ ၊
ခင်ဗျာမိန်မက ခင်ဗျားရှာသမျှကို လင်ငယ်နဲ့ဖြုန်းနေတာ
ဒါတောင် ခင်ဗျားက မိုးလင်းတာနဲ့ ဈေးသွား ပြီး သူတို့စားဖို့
ချက်ပြုတ်ပေးရသေးတယ် ၊ ကျုပ်တို့ ခင်ဗျားကိုကြည့်ပြီး
သနားလွန်းလို့ပြောတာပါဗျာ ”
ထိုသို့ ပြောသူများကို ‘ ဦးကိုငြိမ်း ’ က
တည်ငြိမ်စွာ ပြုံးပြပြီး စကားတစ်ခွန်းကိုသာ
အမြဲပြန်ပြောတက်လေသည် ။
“ ငါကသူ့ကို ချစ်တာကိုကွ ” တဲ့
ကြာလာတော့ ဘေးကလူတွေလည်း
ဆက်မပြောကြတော့ဘူးပေါ့ ။
‘ ဦးကိုငြိမ်း ’ တစ်ယောက် ‘ ဒေါ်နန်းကြည် ’ ကို
တကယ်ချစ်တာပဲလား ၊ ‘ ဒေါ်နန်းကြည် ’ ၏ပညာအစွမ်း
ဆေးအစွမ်းတွေ ကြောင့်ပဲလားဆိုတာတော့
ကာယကံရှင်သာသိပေလိမ့်မည် ။
ရပ်ကွက်အတွင်းမှ မိခင်များကလည်း
သူတို့၏ ကလေးငယ်များငိုနေလျှင်
“ ဟိတ် ထပ်ငိုနေရင် ‘ ဒေါ်နန်းကြည် ’ တို့အိမ်
သွားပို့ထားမှာနော် ” ဟုတစ်ချက်ခြောက်လိုက်ရုံဖြင့်
ကလေးငယ်မှာ အငိုတိတ်သွားလေသည် ။
ကလေးငယ်များကြောက်တာလည်းမပြောနှင့်
‘ ဒေါ်နန်းကြည် ’ သည် သူမ၏အိမ်တွင် သရဲများ
မွေးထားသည်ဟုလည်း သတင်းထွက်သည်မဟုတ်လား ။
ညအချိန်မတော် သူမတို့ အိမ်ရှေ့မှ
လမ်းဖြတ်လျှောက်သွားသူတော်တော်များများလည်း
‘ ဒေါ်နန်းကြည် ’ တို့ ခြံထဲတွင်
လူဝံလို မဲမဲအကောင်ကြီးများ
သွားလာနေသည်ဟုလည်း
မျက်မြင်ကိုယ်တွေ့ ရှိသူများရှိကြသည် ။
သို့သော် မည်သူ့ကိုမှ ခြောက်လန့်ခြင်းမရှိခဲ့ ။
ထို့သို့ မည်သူမှ မစမ်းရဲသော နာမည်ကြီး စုန်းပညာသည်
‘ ဒေါ်နန်းကြည် ’ ကို စမ်း မည့်သူ တစ်ယောက်ပေါ်လာလေသည် ။
ထိုသူမှာ အခြားသူမဟုတ် ‘ ဒေါ်နန်းကြည် ’ တို့၏
အိမ်လေးချင်းကပ်လျှက်တွင် နေထိုင်သော
အသက် ၂၀ ၀န်းကျင် အရွယ် ရှိ ‘ မိုးစွေ ’ ဆိုသော
ချာတိတ်လေး တစ်ယောက်ပင်ဖြစ်သည် ။
‘ မိုးစွေ ’ ရပ်ကွက်ထဲတွင် လူငယ်လည်းဖြစ်
အသောက်အစားကလေးကလည်းရှိ ၊
အပေါင်းအသင်းကလည်း စုံလေသည် ၊
ဟိုနေရာစပ်စပ် ဒီနေရာစပ်စပ်ကလည်း ပါတက်လေသည် ၊
နတ်တွေ စုန်းတွေ ကိုလည်း အယုံအကြည်မရှိသူဖြစ်သည်
သရဲဆိုတာ ချိုနဲ့လားဟု မေးလေ့ရှိသော ‘ မိုးစွေ ’
နာမည်ကြီး စုန်းပညာသည် ‘ ဒေါ်နန်းကြည် ’ နှင့်
အိမ်ဘေးချင်းကပ်လျက် နေလာခဲ့သည်မှာ သူ့တစ်သက်ပင်
သို့သော် ရပ်ကွက်တွင်းမှ လူများပြောသော
‘ ဒေါ်နန်းကြည် ’ ခြံထဲမှ သရဲများကိုလည်
သူတစ်ကြိမ်တစ်ခါမှ မမြင်ဖူးဘူး ၊
‘ ဒေါ်နန်းကြည် ’ ကသူ့ကိုစော်ကားတဲ့ကောင်ကို
ဘာလုပ်လိုက်တယ် ညာလုပ်လိုက်တယ်ဆိုတာလည်း
နားရှိလို့သာကြားရတာ မျက်စိနဲ့တပ်အပ် တစ်ကြိမ်မှ
သူ မမြင်ဘူးခဲ့ ထို့ကြောင့် ‘ ဒေါ်နန်းကြည် ’ ကို
သူမကြောက် ပေ ။
တစ်နေ့သောအခါတွင် ‘ မိုးစွေ ’ ၏
သံသယများကို ဖြေဖျောက်ဖို့ရန်
အခွင့်အရေးတစ်ခုပေါ်လာလေသည် ။
ထိုအခွင့်အရေးမှာ အခြားမဟုတ်
သူ၏ ဆိုးဖော်ဆိုးဘက် သောက်ဖော်သောက်ဘက်
သူငယ်ချင်းတစ်ဦးက ‘ မိုးစွေ ’ နှင့် အလောင်းအစား
တစ်ခုပြုလေသည် ။
ဖြစ်ပုံက …………
“ သားကြီး ‘ မိုးစွေ ’ မင်းတို့အိမ်ဘေးက
နာမည်ကြီး ဘွားတော် ‘ ဒေါ်နန်းကြည် ’ တို့သရက်ပင်မှာ
သရဲမွေးထားတယ်ကွ ငါညတုန်းက သောက်ပြီး
ဆိုင်ကယ်စီးပြီးအိမ်ပြန်လာတာ အဲ့အိမ်ရှေ့ရောက်တော့
မနေနိုင်တာနဲ့ လှမ်းကြည့်လိုက်တာ သရက်ပင်ခွကြားမှာ
ထိုင်နေတာကွာ မဲမဲကောင်ကြီး နည်းတဲ့အကောင်ကြီးလား
မင်းရော အိမ်ဘေးချင်းကပ်နေပြီး တစ်ခါမှ မမြင်ဘူးဘူးလား ”
သူ့၏သူငယ်ချင်း ‘ သွင်ထူး ’ အမေးကို ‘ မိုးစွေ ’ က
ခနဲ့သော မျက်နှာဖြင့် ရယ်လျှက် ပြန်ဖြေလိုက်သည် ။
“ ဟားးး .. ဟေ့ကောင်(ယောင်) မင်းငါ့ကို
ပုံပြင်တွေလာမပြောနဲ့ ငါအဲဒီအိမ်ဘေးမှာနေလာတာ
ငါ့တစ်သက်ပဲ ဘာ$ သရဲမှမရှိဘူး ”
‘ သွင်ထူး ’ က သူ၏စကားကိုမယုံသော
‘ မိုးစွေ ’ ကို ဒေါသထွက်သွားပြီး
“ ဟေ့ကောင်(ယောင်) ‘ မိုးစွေ ’ မင်းပြောပုံအရဆို
ငါကလိမ်တာပေါ့ ဟုတ်လား ၊ အေးရတယ်
မင်းနဲ့ငါ တစ်ခုလောင်းကြေးချမယ်
မင်းဒီည ၁၂ နာရီမှာ ‘ ဒေါ်နန်းကြည် ’ တို့သရက်ပင်က
သရက်သီးတွေ ခိုးပြီး အဲ့ဘွားတော်အိမ်ကို
ခဲနဲ့ပါပစ်ခဲ့ရမယ် မင်းလုပ်ရဲတယ်ဆိုရင်
တစ်ဝိုင်းကွာ ငါအာမခံတယ်
ကဲ …. ဘယ်လိုလဲ ” ဟုမေးလိုက်လေသည် ။
‘ မိုးစွေ ’ သူ ‘ သွင်ထူး ’ ၏စကားဆုံးသည်နှင့်
ချက်ချင်း “ ဟ မင်းသေချာတယ်နော်
အေး မင်းဘက်က သေချာရင်ပြီးတာပဲ
‘ မိုးစွေ ’ ကွ ကြောက်သွေးပါရင်
ဖောက်သောက်ပစ်လိုက်မယ် ။ ”
ဆိုပြီး ကြုံးဝါးလိုက်သည် ။
ဒီဇင်ဘာလမို့ အအေးဓါတ်များက
‘ တောင်ကြီးမြို့ ’ ကလေးကို ရစ်သိုင်းထားလေသည် ။
ဆောင်းရာသီ၏ ညလေးတစ်ညမှာ ရပ်ကွက်ငယ်ကလေးတစ်ခု၏
လမ်းမထပ်တွင် လူတစ်ယောက် တစ်ကိုယ်တည်း
တရွေ့ရွေ့ တစ်နေရာကိုဦးတည်၍ လမ်းလျှောက်နေလေသည် ။
ထိုသူမှာ တစ်နေရာအရောက်တွင် ခြေလှမ်းများကို
ရပ်တန့်လိုက်လေသည် ။ ထိုစဉ် ဆောင်းလေတစ်ချက်ပင့်တိုက်
လိုက်သဖြင့် ရုတ်တရက် ကြက်သီးများထသွားစေသည် ။
သူ၏မျက်ဝန်းအစုံသည် ရပ်ကွက်အတွင်းမှ နာမည်ကြီး
စုန်းပညာသည် ‘ ဒေါ်နန်းကြည် ’ ၏အိမ်ရှေ့ရှိ သရက်ပင်ကလေးကို
ရောက်နေလေသည် ။ ထို့နောက် ပတ်ဝန်းကျင်ကို
တစ်ချက် အကဲခတ်လိုက်ပြီး ထိုအပင်လေးနားသို့
ချည်းကပ်သွားလေသည် ၊ လူခြေတိတ်ချိန်မို့
သူ့အတွက်အခွင့်အရေးပိုရလေသည် ၊
ထိုသူမှာ သူခိုးတစ်ယောက်မဟုတ်ပေ
အလောင်းအစားတစ်ခုကြောင့် ဒီနေရာကို
ရောက်ရှိလာသူ ‘ မိုးစွေ ’ မဟုတ်ပါလော ။
နာရီကိုကြည့်လိုက်တော့ ( ၁၂နာရီ၁၀မိနစ် )
‘ မိုးစွေ ’ ခြံစည်းရိုးကိုခွကျော်လိုက်ပြီး သရက်ပင်ပေါ်တက်သွားပြီး
သရက်သီးများကို ခိုးယူကာ ပြန်ဆင်းလာလေသည် ။
ထိုနောက် သူ မြေမြင်ပေါ်သို့လိုက်ကြည့်သည်
ကျောက်ခဲလုံး အချို့ကို တွေ့မြင်လိုက်သောအခါ
ကောက်ယူလိုက်ပြီး တစ်လုံးပြီးတစ်လုံး လက်အားဖြင့်
‘ ဒေါ်နန်းကြည် ’ အိမ်ရှိရာသို့ ဥိးတည်ကာ
ပစ်သွင်းလေတော့သည် ။
“ဖုန်း … ဖုန်း ….ဖုန်း….”
‘ ဒေါ်နန်းကြည် ’ ၏အိမ်ကို ခဲဖြင့် ထုပြီးသည်နှင့်
‘ မိုးစွေ ’ တစ်ယောက် ခိုးယူလာသော သရက်သီးများကို
ပိုက်လျှက် ခြံချင်းကပ်လျှက်ဖြစ်သော သူ၏ အိမ်ကလေးအတွင်းသို့
ပြေးဝင်လာခဲ့လေသည် ။ ‘ ဒေါ်နန်းကြည် ’ ၏အိမ်ခြံဝန်းထဲမှ
မီးဝင်းဝင်းတောက်နေသော မျက်လုံးအနီကြီးများကိုမူ
‘ မိုးစွေ ’ မမြင်ခဲ့ချေ ။
ဒီလိုနဲ့ ‘ မိုးစွေ ’ အိမ်သို့ရောက်သောအခါ
ခိုးယူလာသောရက်သီးများကို အသင့်ရှိသော အရက်ဖြင့်
မြည်းကာ စားသုံးလေသည် ။
ညဥ့်ငှက်ဆိုးတစ်ချို့၏ အော်ဟစ်သံများကြောင့်
‘ မိုးစွေ ’ အိပ်ယာမှ လန့်နိုးလာလေသည် ။
နံရံတွင် ချိတ်ထားသော နာရီကို မှုန်ဝါးနေသော
မျက်လုံးအစုံဖြင့် လှမ်းကြည့် လိုက်သောအခါ
နာရီမှ လက်တံအတိုသည် နံပါတ် ၈ တွင်ရောက်နေပြီး
လက်တံအရှည်မှာ နံပါတ် ၂ ကိုညွှန်ပြနေသဖြင့်
‘ မိုးစွေ ’ အိပ်ယာမှ ထလာလေသည် ။
ထို့နောက် မျက်နှာသစ် ၊ သွားတိုက်ရန်အတွက်
ရေချိုးခန်းသို့ဝင်သွားလေသည် ၊
အကြောင်းအရင်းတစ်စုံတစ်ရာမရှိပဲ
ရေချိုးခန်း နံရံတွင် တပ်ထားသော မှန်တစ်ချက်ကို
လှမ်းကြည့်လိုက်မိသောအခါ ‘ မိုးစွေ ’ သွေးပျက်သွားလေသည် ။
“ အား. ………………………. ”
‘ မိုးစွေ ’ ၏ အော်သံကြောင့် မီးဖိုခန်းတွင်ထမင်းဟင်းချက်ပြုတ်နေသော
အမဖြစ်သူနှင် အိမ်ရှေ့ခန်းမှ အဖေနှင့် အမေဖြစ်သူတို့မှာ
အသံကြားရာသို့ အပြေးအလွှား လာကြလေသည် ။
ရေချိုးခန်းထဲတွင် ခွေခွေလေးဖြစ်နေသော ‘ မိုးစွေ ’
ကိုမြင်သောအခါ အမဖြစ်သူမှ “ ဟဲ့ဘာဖြစ်လို့အော်နေတာလဲ ”
ဟုပြောပြောဆိုဆိုနှင့် ခေါင်းငုံနေသော ‘ မိုးစွေ ’ ကို
ပုခုံးလှမ်းပုတ်လိုက်ရာ မိုးစွေကခေါင်းထောက်လိုက်ပြီး
သူ၏ အမကိုပြန်ကြည့်လိုက်သည် ။
‘ မိုးစွေ ’ ၏ မျက်နှာ ကိုမြင်လိုက်ရသဖြင့်
အမဖြစ်သူမှာ လန့်ပြီး အနောက်သို့ လန်ကျသွားလေသည် ။
“ အမလေး ”
နောက်မှရောက်ရှိလာသော ‘ မိုးစွေ ’ ၏ မိဘများသည်လဲ
‘ မိုးစွေ ’ ၏ အဖြစ်ကြောင့် ဘုရားတမိလေသည် ။
ထိုနောက် အမဖြစ်သူသည် အသက်ပြင်းပြင်းရှူပြီး ‘ မိုးစွေ ’
အနားကိုကပ်သွားလေသည် ။
“ မောင်လေး နင်ဘယ်လိုဖြစ်တာလဲ …. ။ ” ဟုမေးလေရာ
‘ မိုးစွေ ’ မှ ငိုလျှက် ဖြစ်ကြောင်းကုန်စင်ပြောလေသည် ။
အကြောင်းစုံသိလိုက်ရသောအခါ တစ်မိသားစုလုံး
တုန်လှုပ်ခြောက်ခြားသွားကြလေသည် ။
ဝတ်ခြံ ၊ အစက်အပျောက် ၊ အမာရွတ် စသည်လုံးဝမရှိသော
‘ မိုးစွေ ’ ၏ မျက်နှာတွင် ကွမ်းသီးလုံးခန့် အဖုကြီးများ မျက်နှာအပြည့်
ထွက်ပေါ်နေလေသည် ခန္တာကိုယ်ပေါ်တွင်လည်း
ထိုသို့သော အဖုအပိတ်များ နေရာအနံ့ထွက်ပေါ်နေလေသည် ။
‘ မိုးစွေ ’ ၏ အိမ်သားများသည် ချက်ချင်ပင် နီးစပ်ရာ
ဆေးခန်းသို့ ‘ မိုးစွေ ’ ကိုခေါ်သွားလေသည် ။
ဆရာဝန်က သောက်ဆေးတွေလမ်းဆေးတွေပေးလိုက်သည်
ရန်အတန်ကြာ ဆေးစား ပြီး လိမ်းဆေးများသုံးသော်လည်း
မသက်သာသည့်အပြင် ပို၍ပင်ဆိုးလာလေသည် ၊
ထိုနောက် ‘ မိုးစွေ ’ ကို ဆေးခန်းတွေစုံအောင်ပြ
နောက်ဆုံးဆေးရုံအထိပါ သွားပြသော်လည်း
‘ မိုးစွေ ’ ၏ အခြေအနေမှာ ထူးခြားလာခြင်းမရှိပေ
နောက်ဆုံးတွင် ‘ မိုးစွေ ’ ၏အမဖြစ်သူက အမေဖြစ်သူကို
အကြံတစ်ခုပေးလိုက်လေသည် ။
“ အမေ ဒီအတိုင်းဆို ‘ ကိုမိုးလေး ’ ပိုဆိုးလာလိမ့်မယ်
ဒီလိုလုပ်ပါလား စဖြစ်တာက သူက ‘ ဒေါ်နန်းကြည် ’
ကိုသွားပြီးစမ်းလို့ဖြစ်တာ အဲ့တော့ သမီးတို့
‘ ဒေါ်နန်းကြည် ’ ဆီပဲသွားတောင်းပန်ကြည့်ကြရအောင်
အိမ်နီးချင်းတွေဆိုတော့ အဖေနဲ့ အမေမျက်နာနဲ့
ပြန်ကုပေးလောက်ပါတယ် ” ဟုပြောလိုက်သောအခါ
‘ မိုးစွေ ’ ၏ မိခင်မှ “ အေးလေ ဘယ်တက်နိုင်ပါ့မလဲ
ဒီ ငမူးက ပြသနာရှာလာတော့လဲ သွားတောင်းပန်ရတော့မှာပေါ့
ဒါပေမယ့် နင့်အဖေကိုတော့ မလိုက်ခိုင်းနဲ့ ဟိုကဘာမှန်းမသိဘူး
နင်တို့အဖေကို အိမ်မှာထားပြီး ငါတို့ပဲသွားကြတာပေါ့ ” ဟု
ပြောပြောဆိုဆိုနှင့် ‘ မိုးစွေ ’ ကိုခေါ်ပြီး သားအမိသုံးယောက်
‘ ဒေါ်နန်းကြည် ’ ၏ အိမ်သို့လှမ်းခဲ့လေသည် ။
‘ ဒေါ်နန်းကြည် ’ ၏ အိမ်ထဲသို့ဝင်ခါနီး ခြံတံခါးဝအရောက်တွင်
“ ဟားး…..ဟား…..ဟား…..ဟား……” ဟူသော ရယ်သံကြီးကို
ကြားလိုက်ရသဖြင့် သုံးယောက်သား ကြောက်စိတ်ဝင်သွားလေသည်။
လှည့်ပြန်ရင်ကောင်းမလားဆိုသော အတွေးကိုယ်စီတွေးမိလေသည် ။
ထိုအချိန်တွင် စစ်ပွဲကို အောင်နိုင်သော စစ်သူကြီးတစ်ယောက်၏
အပြုံးမျိုး ပြုံးထားသော ‘ ဒေါ်နန်းကြည် ’ ကို သူ၏အိမ်
ဝရန်တာလေးတွင်တွေ့လိုက်ရလေသည် ။
‘ ဒေါ်နန်းကြည် ’ သည် ၀ရန်တာတွင် ခါးထောက်ပြီး
သူတို့ သုံးဦးကိုကြည့်နေလေသည် ။
သူတို့လာမည်ဆိုတာကို ကြိုများသိနေသလားမှတ်ရသည် ။
ထိုအချိန်တွင် လူကြီးဖြစ်သူ ‘ မိုးစွေ ’ ၏ မိခင်က
“ ကျွန်မတို့ ကို အထဲဝင်ခွင့်ပြုပါအမကြီးရယ် ” ဟု
ဝင်ခွင့်တောင်းလိုက်သောအခါ
‘ ဒေါ်နန်းကြည် ’ မှ ခါးကြီးထောက်ပြီး
“ ‘ မတင်နွယ် ’ ရှင့်သားအတွက်လာတောင်းပန်တာလား ”
ဟု တန်းမေးလေသည် ။ သူမဘယ်လိုများကြိုသိနေပါလိမ့် ။
ထိုအခါ ‘ မိုးစွေ ’ ၏မိခင် ‘ ဒေါ်တင်နွယ် ’ မှ
“ အမကြီးရယ် ကျွန်မတို့က အိမ်နီးချင်းတွေပါ
နေလာတာလဲ ဒီကလေးတစ်သက်ရှိနေပြီပဲ ”
ဟုချိုချိုသာသာ သွားပြောလိုက်သောအခါ
‘ ဒေါ်နန်းကြည် ’ မှ
“ အမရဲ့ သားက ကျွန်မသရက်ပင်က အသီးကို
ခူးစားရုံဆိုကျွန်မ ဘာမှမပြောလိုပါဘူး
ဟိုကောင်တွေ ကိုလည်းမှာထားပါတယ်
ဟိုဘက်အိမ် ဒီဘက်အိမ်တွေက ကလေးတွေ
စီးပွားဖြစ်မဟုတ်ပဲ စားချင်ရင် ယူစားပါစေ
ဘာမှမလုပ်ပါနဲ့ လို့မှာထားပြီးသားပါ
ဒါ့ကြောင့်လည်း သူ့ကို ဘာမှမလုပ်လိုက်တာပေါ့
ဒါပေမယ့် အမရယ် အမသားက
သရက်သီးလဲခူးပြီးရော
ကျွန်မအိမ်ကို ခဲနဲ့ ၂ကြိမ်တိတိပစ်တယ်
ဒါကျွန်မကို စမ်းတာပဲ ” ဟုဒေါသသံဖြင့်ပြောလေသည် ။
‘ မိုးစွေ ’ စဉ်းစားလို့မရသည်က ‘ ဒေါ်နန်းကြည် ’ က
သူ့ရဲ့ လုပ်ပုံတွေအားလုံးကို ဘေးကထိုင်ကြည့်နေသလား
အောက်မေ့ရတယ် သူမ ဘယ်လိုများသိနေပါလိမ့် ဟု
တွေးကာ အလွန်အံ့သြကြောက်ရွံ့ နေမိလေသည် ။
ထိုအချိန်မှာပင် ‘ မိုးစွေ ’ ၏မိခင် က
“ ဟုတ်ပါတယ်အမရယ် အခုလည်းတောင်းပန်ဖို့လာတာပဲလေ
ကလေးလဲ တော်တော် ခံနေရပြီပဲ အမကျေနပ်ပါတော့ ”
ဟုပြောလိုက်သောအခါ ‘ ဒေါ်နန်းကြည် ’ မှဆက်၍
“ ကောင်းပြီလေ ဒါဆိုရင် ဒီတစ်ခါတော့ရှိစေတော့
နောက်တစ်ခါဆို အဲ့ငမူး အသေပဲ ၊
အခု ‘ မတင်နွယ် ’ အိမ်ပြန်ပြီး ငွေတစ်သောင်းပြန်ယူခဲ့ပါ
ပြီးမှ အဲ့ငမူးကို ခေါ်လာပြီး အိမ်ထဲဝင်လာပါ ”
ဟုဆိုလိုက်သည် ။
‘ ဒေါ်တင်နွယ် ’ လည်း ဈေးထပ်မဆစ်ရဲတော့ပဲ
သမီးနဲ့ သားကိုခေါ်ကာ အိမ်ပြန်ပြီး ငွေယူလေသည် ။
ပြီးမှ ‘ ဒေါ်နန်းကြည် ’ ထံပြန်လာလေသည် ။
အိမ်ထဲရောက်သောအခါ ‘ ဒေါ်နန်းကြည် ’ က
‘ မိုးစွေ ’ ကိုခြေဆင်းခိုင်းပြီး “ ဟဲ့ငမူးကောင်
နင်မှတ်ပြီလား ငါ့ကို စမ်းရဲသေးလား ” ဟုမေးသောအခါ
‘ မိုးစွေ ’မှ ချက်ချင်းပင် “ ဟုတ်ကဲ့ မှတ်ပါပြီ
နောက်မစမ်းရဲတော့ပါဘူး ” ဟု ပြန်ဖြေလိုက်သောအခါမှ
ဒေါ်နန်းကြည် ’ က ‘ မိုးစွေ ’ ၏ ခန္ဓာကိုယ်ကို ခေါင်းမှစပြီး
ခြေဖျားအထိ သူမ၏လက်ဖြင့် တဖတ်ဖတ် နဲ့ လိုက်ရိုက်လေသည်။
ထို့နောက် “ ရပြီ ခေါ်သွားတော့ ‘ မတင်နွယ် ’ တစ်ခုပြောဦးမယ်
အမပေးတဲ့ ပိုက်ဆံက ကျွန်မအတွက်မဟုတ်ဘူးနော်
အိမ်က ကောင်တွေကျွေးဖို့ ” ဟုပြောလေသည် ။
‘ မိုးစွေ ’ ၏မိခင် ‘ ဒေါ်တင်နွယ် ’ လည်း
ကြာကြာဆက်မနေရဲတော့ပဲ ‘ ဒေါ်နန်းကြည် ’ ကို
ကျေးဇူးတင်ကြောင်းပြောပြီး သားနှင့်သမီးကြီးကိုခေါ်ကာ
အိမ်သို့ အမြန်ပြန်ပြေးခဲ့လေသည် ။
အိမ်သိုကရောက်သောအခါ ‘ မိုးစွေ ’
၆ရက်လောက်ဆက်တိုက်
(ကန်တော့ပါခင်ဗျာ) ၀မ်းများသွားသည် ၊
တစ်နေကုန် တစ်ညလုံးနီးပါးသွားလေသည် ။
လူကမျော့မျော့ပဲကျန်လေသည်
ထူးခြားသည်က ၀မ်းထဲတွင်
“ ဆံပင်များ ၊ အသားစများ မနည်းမနော
ပါလာတယ်ဆိုပဲ ”
၆ရက်ပြီး ၇ရက်မြောက်နေ့တွင်
မျက်နှာသည် ယခင်အတိုင်းပြန်ဖြစ်သွားလေသည်
ခန္ဓာကိုယ်မှ အဖုများသည်လည်း ယူပစ်လိုက်သလို
သက်သာပျောက်ကင်းသွားလေသည် ။
နောင်နေ့များတွင်
‘ မိုးစွေ ’ တစ်ယောက် ‘ ဒေါ်နန်းကြည် ’
တို့အိမ်ကို ရဲရဲကြည့်ဖို့မပြောနှင့်
သူတို့အိမ်ထဲမှ အဲ့ဒီခြံဘက်ကို
(ကန်တော့ပါခင်ဗျာ) ရှူရှူးတောင်
လှမ်းမပေါက်ရဲတော့ပေ ၊
လမ်းတွင် ‘ ဒေါ်နန်းကြည် ’ ကိုတွေ့ပါက
ခေါင်းကလေးငုံ့ပြီးသွားတက်သည် ။
‘ ဒေါ်နန်းကြည် ’ က သူ့ကို ကြိမ်းထားသည်မဟုတ်လား
“ နင်ငါ့ကိုနောက်တစ်ခါစမ်းရင် နင်အသေပဲ ”
“ စမ်းရင် ကြမ်းမယ် ” တဲ့ဗျာ ။
~ မိုးစွေ ~
#Credits
No comments