• ကောသလမင်းအိပ်မက် ၁၆ချက်

    “ကောသလမင်းအိပ်မက် ၁၆ချက်”
    ••••••••••••••••••••••••••••••••••

    မေး-(၁)။ နွားနက် ၄ ကောင်က ဝှေ့ကြမယ်ဆိုပြီး
    အရပ်လေးမျက်နှာက မင်းရင်ပြင်ကိုလာကာ နွားဝှေ့ပွဲကို
    ကြည့်ကြမယ်လို့ လူအများ စုဝေးလာကြတဲ့အခါ
    ဝှေ့မယ်ဟန်ပြပြီး အော်ဟစ်ကြုံးဝါးကာ မဝှေ့ဘဲသာ
    ပြန်သွားကြတယ်။
    ဖြေ-(၁)။နောင်အခါမှာ တရားမရှိတဲ့ မင်းဆင်းရဲတွေနဲ့
    တရားမရှိတဲ့ လူတွေရဲ့လက်ထက်မှာ၊လောက
    ပြောင်းပြန်ဖြစ်တဲ့အခါမှာ၊ ကုသိုလ်နည်းပြီး အကုသိုလ်
    များတဲ့အခါမှာ၊ လောက ပျက်စီး ဆုတ်ယုတ်တဲ့အခါမှာ
    မိုးက ကောင်းကောင်း မရွာဖြစ်လိမ့်မယ်။
    မိုးအခြေတွေ ပြတ်လိမ့်မယ်။ ကောက်ပင်တွေ ညှိုးလိမ့်မယ်။
    အစားအစာ ရှားပါးလိမ့်မယ်။ မိုးရွာချင်သလိုလိုနဲ့
    အရပ်လေး မျက်နှာက မိုးတိမ်တွေ တက်လာကာ
    မိန်းမတွေက နေပူမှာ ဖြန့်လှန်းထားတဲ့ ကောက်စပါးစသည်
    မိုးစိုမှာ စိုးလို့ အတွင်းကို သွင်းပြီးတဲ့အခါ၊ယောက်ျားတွေက
    ပေါက်ပြား၊ခြင်းတောင်းတွေကို လက်နဲ့ကိုင်ယူပြီး
    ကန်သင်းတုတ်ဖို့ ထွက်ကြတဲ့အခါ ရွာမယ့်ဟန်ပြပြီး
    ထစ်ချုံးကာ လျှပ်လက်ပြီး မရွာဘဲသာ ပြေးကြလိမ့်မယ်။
    မေး-(၂)။သစ်ပင်ငယ်၊ ခြုံငယ်တွေက မြေကြီးကို ခွဲပြီး
    တစ်ထွာ၊တစ်တောင်လောက်တောင် မရောက်ဘဲသာ
    ပွင့်လည်း ပွင့်သီးလည်း သီးကြတယ်။
    ဖြေ-(၂)။နောင်အခါမှာ သတ္တဝါတွေဟာ ရာဂကြီးကြလိမ့်မယ်။
    မိန်းမငယ်တွေက အရွယ်မရောက်ခင်မှာပဲ ယောက်ျားနဲ့
    သွားလာ ဖောက်ပြားကာ ဥတုလာ၊ ကိုယ်ဝန်ရှိပြီး
    သား သမီးတွေနဲ့တိုးပွားကြလိမ့်မယ်။
    သစ်ပင်ငယ်တွေရဲ့ အပွင့်ပွင့်တာနဲ့ ဥတုလာတာ တူလိမ့်မယ်။
    အသီးသီးတာနဲ့ သားသမီး ရတာ တူလိမ့်မယ်။
    မေး-(၃)။နွားမတွေက ဒီနေ့မှ မွေးဖွားလာတဲ့
    နွားလေးတွေရဲ့ နို့ကို စို့နေကြတယ်။
    ဖြေ-(၃)။နောင်အခါမှာ သတ္တဝါတွေဟာ မိဘ၊
    ယောက္ခမယောက်ျား၊ယောက္ခမမိန်းမတွေအပေါ်
    အရှက်မထားတော့ဘဲ၊ ကိုယ်တိုင်ပဲ ဥစ္စာကို စီစဉ်ကြကာ
    အစားအစာ၊အဝတ်လောက်တောင် ပေးချင်ပေးကြမယ်။
    မပေးချင် မပေးကြဘူး။ မိအိုဖအို၊ယောက္ခမအိုတွေဟာ
    ခိုကိုးရာမဲ့ကြလိမ့်မယ်။ ကိုယ့်အလို မလိုက်ကြတော့ဘူး။
    ကလေးတွေကို ကျေနပ်စေကာ အသက်ရှင်ကြရလိမ့်မယ်။
    မေး-(၄)။ဝန်ကို ဆောင်နိုင်တဲ့၊အရပ်အမောင်း
    အလုံးအထည်ကောင်းတဲ့ နွားကြီးတွေကို
    ထမ်းပိုးအဆင့်ဆင့်မှာ မတပ်ဘဲ၊
    နွားငယ်လေးတွေကို ထမ်းပိုးမှာ ယှဉ်ကပ်ကြတယ်။
    နွားငယ်တွေက ထမ်းပိုးကို မရုန်းနိုင်လို့ ထမ်းပိုးကို
    စွန့်ကာ တည်နေကြတယ်။လှည်းတွေက မလှိမ့်တော့ဘူး။
    ဖြေ-(၄)။နောင်အခါ တရားမရှိတဲ့ မင်းဆင်းရဲတွေဟာ
    ပညာရှိတဲ့.. အစဉ်အဆက် ကျွမ်းကျင်တဲ့၊
    အလုပ်ကို ပြီးမြောက်အောင် စွမ်းဆောင်နိုင်တဲ့
    အမတ်ကြီးတွေအား အခြွေအရံမပေးဘဲ ထားကြလိမ့်မယ်။
    တရားဆုံးဖြတ်တဲ့နေရာမှာလည်း ပညာရှိတဲ့၊
    ပြောရေး ဆိုရေး ကျွမ်းကျင်တဲ့
    အမတ်အိုတွေကို မထားဘဲ ရှိကြလိမ့်မယ်။
    အလွန်ငယ်တဲ့သူတွေကိုတော့ အခြွေအရံပေးကြလိမ့်မယ်။
    တရားဆုံးဖြတ်တဲ့နေရာမှာ ထားကြလိမ့်မယ်။
    လူငယ်တွေက မင်းအလုပ်တွေနဲ့ သင့်တာ၊မသင့်တာကို
    မသိကြလို့ အဲဒီအခြွေအရံကို မချီးမြှောက်နိုင်ဖြစ်ကြလိမ့်မယ်။
    မင်းအလုပ်တွေကို မဆောင်ရွက်နိုင် ဖြစ်ကြလိမ့်မယ်။
    မစွမ်းနိုင်လို့ အလုပ်တာဝန် တွေကို စွန့်ပစ်ကြလိမ့်မယ်။
    အခြွေအရံကို မရတဲ့ ပညာရှိ အမတ်အိုတွေကလည်း
    အလုပ်ကိစ္စ ဆောင်ရွက်နိုင်ကြပေမယ့်
    “သူတို့နဲ့ ငါတို့မှာ အကျိုးမရှိ။ငါတို့က ပြင်ပလူတွေပဲ။
    အတွင်း လူဖြစ်တဲ့ ကလေးငယ်တွေ သိကြလိမ့်မယ်”
    လို့ တွေးပြီး ဖြစ်ပေါ်နေတဲ့ကိစ္စတွေကို မလုပ်ဘဲ
    နေကြလိမ့်မယ်။ အဲဒီလိုနည်းနဲ့ မင်းတွေမှာ
    ဘက်ပေါင်းစုံဆုတ်ယုတ်ဖို့သာဖြစ်လိမ့်မယ်။
    မေး-(၅)။မျက်နှာနှစ်ဖက်ရှိတဲ့ မြင်းအား နံဘေးနှစ်ဖက်က
    မုယောနှံကို ပေးကြတယ်။ မြင်းက မျက်နှာနှစ်ဖက်နဲ့
    စားနေတယ်။
    ဖြေ-(၅)။နောင်အခါမှာ တရားမရှိတဲ့ မင်းမိုက်တွေက
    တရားမရှိတဲ့ လူလော်လည်တွေကို တရားဆုံးဖြတ်တဲ့
    နေရာမှာ ထားကြလိမ့်မယ်။ ကောင်းမှု၊မကောင်းမှုတွေမှာ
    အလေးမပြုတဲ့ အဲဒီလူမိုက်တွေက တရားသဘင်မှာ
    ထိုင်ပြီး အဆုံးအဖြတ်ပေးတဲ့အခါ တရားလို၊တရားခံ
    နှစ်ဖက်လုံးထံကလက်ဆောင်ကိုယူပြီး စားကြလိမ့်မယ်။
    မေး-(၆)။လူအများက တစ်သိန်းတန် ရွှေခွက်ကို သုတ်သင်ပြီး
    “ဒီခွက်မှာ ကျင်ငယ် စွန့်ပါ” လို့ မြေခွေးအိုတစ်ကောင်အား
    ပေးတယ်။ မြေခွေးအိုက အဲဒီရွှေခွက်မှာ ကျင်ငယ် စွန့်တယ်။
    ဖြေ-(၆)။နောင်အခါ တရားမရှိတဲ့ ဇာတ်ညံ့မင်းတွေက
    ဇာတ်ကောင်းတဲ့ အမျိုးကောင်းတွေကို စိုးရိမ်လို့
    အခြွေအရံမပေးဘဲ ထားကြလိမ့်မယ်။
    အမျိုးညံ့တွေကိုသာ ပေးကြလိမ့်မယ်။
    အဲဒီလိုနည်းနဲ့ အမျိုးမြတ်တွေက ဆင်းရဲကြလိမ့်မယ်။
    အမျိုးယုတ်တွေက အစိုးရကြလိမ့်မယ်။
    အမျိုးမြတ်သူတွေက အသက်မမွေးနိုင်တော့လို့
    “သူတို့ကိုမှီပြီး အသက်မွေးကြမယ်” လို့ ကြံကာ
    အမျိုးညံ့တွေအား သမီးတွေကို ပေးကြလိမ့်မယ်။
    မေး-(၇)။ယောက်ျားတစ်ယောက်က ကြိုးကို ကျစ်ကျစ်ပြီး
    ခြေရင်းမှာ ထားတယ်။ သူထိုင်တဲ့ အင်းပျင်ရဲ့အောက်မှာ
    အိပ်နေတဲ့၊ဆာလောင်နေတဲ့ မြေခွေးမတစ်ကောင်က
    သူ မသိအောင်ဘဲ အဲဒီ “ကြိုး”ကို စားတယ်။
    ဖြေ-(၇)။နောင်အခါမှာ မိန်းမတွေဟာ ယောက်ျား၊
    သေရည်အရက်၊အဆင်တန်ဆာ၊လမ်း၊အစားအစာတွေမှာ
    လော်လည်ကြလိမ့်မယ်။ သီလမရှိ၊ အကျင့်ပျက်ကြလိမ့်မယ်။
    လင်တွေက လယ်ထွန်၊နွားကျောင်းစတဲ့ အလုပ်တွေကို
    လုပ်ပြီး ပင်ပင်ပန်းပန်း ရှာဖွေထားတဲ့ဥစ္စာတွေကို
    လင်ငယ်တွေနဲ့အတူ သေရည်အရက်သောက်ကြလိမ့်မယ်။
    ပန်းပန်၊နံ့သာလိမ်း၊အလှပြင်ကြလိမ့်မယ်။
    အိမ်တွင်းက အရေးကြီးတဲ့ အလုပ်ကိုတောင် မကြည့်ဘဲ
    အိမ်အကာအရံရဲ့ အပေါ်ဘက်ကရော၊အပေါက်တွေကပါ
    လင်ငယ်တွေကို မျှော်လင့်နေကြလိမ့်မယ်။
    နက်ဖြန် စိုက်ပျိုးရမယ့် မျိုးစေ့ကိုတောင် ထောင်းပြီး
    ယာဂု၊ ထမင်း၊ ခဲဖွယ် စသည်တွေကို လုပ်ကာ ခဲစာပြီး
    ဥစ္စာကို လုယူဖျက်ဆီးကြလိမ့်မယ်။
    မေး-(၈)။မင်းရဲ့ တံခါးမှာ ရေမရှိတဲ့ အိုးတွေနဲ့ ခြံရံထားတဲ့
    ရေပြည့်အိုးကြီးရှိတယ်။ အမျိုးလေးပါးလုံးပဲ
    အရပ် ၈ မျက်နှာက အိုးတွေ နဲ့ ရေကို သယ်သယ်
    ယူလာကြကာ ပြည့်နေတဲ့ အိုးကိုပဲ ဖြည့်ကြတယ်။
    ရေက လျှံပြီး ကျတယ်။သူတို့ကလည်း အဲဒီ
    ရေပြည့်အိုးကြီးမှာပဲ ရေကိုထပ်ထပ်လောင်းကြတယ်။
    ရေမရှိတဲ့ အိုးတွေကိုတော့ ကြည့်တဲ့သူတွေတောင် မရှိ။
    ဖြေ-(၈)။ နောင်အခါမှာ လောကဟာ ဆုတ်ယုတ်လိမ့်မယ်။
    တိုင်းနိုင်ငံဟာ ဩဇာမရှိ ဖြစ်လိမ့်မယ်။
    မင်းတွေက ဆင်းရဲကြလိမ့်မယ်။ အစိုးရသူရဲ့ ဘဏ္ဍာတိုက်မှာ
    အသပြာတစ်သိန်းမျှပဲ ရှိလိမ့်မယ်။ အဲဒီလို ဆင်းရဲသူတွေဟာ
    ဇနပုဒ်နေသူ လူအားလုံးကို သူတို့ အလုပ်တွေကိုပဲ
    အလုပ်ခိုင်းကြလိမ့်မယ်။ အနှိပ်စက်ခံရတဲ့ လူတွေက
    ကိုယ့်အလုပ်တွေကို စွန့်ပြီး မင်းတွေအတွက်သာ
    ကောက်ပဲသီးနှံတွေကို စိုက်ပျိုး၊စောင့်ရှောက်၊ရိတ်ဖြတ်၊
    နင်းချေကာ သွင်းကြလိမ့်မယ်။ ကြံခင်းတွေကိုလုပ်၊
    စက်ယန္တရားတွေကို လုပ်ပြီး လည်စေကာ
    တင်လဲစသည်တွေကို ချက်ကြလိမ့်မယ်။
    ပန်းအာရာမ်၊သစ်သီးအာရာမ်တွေကို လုပ်ကြလိမ့်မယ်။
    အဲဒီကရလာတဲ့ ကောက်ပဲသီးနှံစသည်တွေကို
    ဆောင်ယူကာ မင်းရဲ့ ဘဏ္ဍာတိုက်ကိုပဲ ဖြည့်ပေး
    ကြရလိမ့်မယ်။ ကိုယ့်ရဲ့အိမ်တွေက ဟောင်းလောင်း
    ဖြစ်နေတဲ့ ကျီတိုက်တွေကို ကြည့်တောင်
    မကြည့်နိုင်ဘဲ ရှိကြလိမ့်မယ်။
    မေး-(၉)။ရေကန်တစ်ကန် ရှိတယ်။
    အရောင်ငါးမျိုးရှိတဲ့ ကြာတွေ ဖုံးထားတယ်။
    နက်တယ်၊ အရပ်မျက်နှာအားလုံးမှာ ဆိပ်ကမ်း ရှိတယ်။
    ပတ်ဝန်းကျင်မှ ခြေနှစ်ချောင်း၊ခြေလေးချောင်းရှိတဲ့
    သတ္တဝါတွေ အဲဒီရေကန်မှာ သက်ဆင်းပြီး
    ရေသောက်ကြတယ်။ ရေကန်ရဲ့အလယ်မှာ ရေက
    ကြည်လင်နေတယ်။ မနောက်ကျူ။
    ဖြေ-(၉)။နောင်အခါမှာ မင်းတွေက တရားမရှိဖြစ်ကြလိမ့်မယ်။
    အဂတိ လိုက်ပြီး တိုင်းပြည်ကို အုပ်ချုပ်ကြလိမ့်မယ်။
    တရားနဲ့အညီ အဆုံးအဖြတ်ကို မပေးဘဲ ရှိကြလိမ့်မယ်။
    လာဘ်ယူကြလိမ့်မယ်။ ဥစ္စာမှာ လော်လည်ကြလိမ့်မယ်။
    တိုင်းသူပြည်သားတွေ အပေါ် ခန္တီ မေတ္တာ၊ ကရုဏာမရှိ
    ဖြစ်ကြလိမ့်မယ်။ ကြမ်းကြုတ်၊ ကြမ်းတမ်းကြကာ
    ကြံစက်ထဲက ကြံချောင်းတွေပမာ လူတွေကို နှိပ်စက်ကာ
    နည်းအမျိုးမျိုးနဲ့ အခွန်အတုတ်ကို ဖြစ်စေကာ
    ဥစ္စာကို ယူကြလိမ့်မယ်။ အခွန်အတုတ်နဲ့ နှိပ်စက်ခံရတဲ့
    လူတွေက ဘာကိုမှ မပေးနိုင်လို့ ရွာ နိဂုံးစသည်တို့ကို
    စွန့်ပစ်ကာပစ္စန္တရဇ်ကို သွားကာနေကြလိမ့်မယ်။
    မေး-(၁၀)။ထမင်းအိုးကြီးတစ်အိုးနဲ့ပဲ ထမင်းကို ချက်တဲ့အခါ
    မကျက်သေးတာကို မကျက်သေးဘူးလို့ စိစစ်ဝေဖန်ပြီး
    ထားသလို ကျက်တာထဲမှာတော့ တစ်ပိုင်းမှာ
    အလွန်ပျော့နေတာ၊ တစ်ပိုင်းမှာ မနပ်သေးတာ၊
    တစ်ပိုင်းမှာ အလွန်ကျက်နေတာကို တွေ့ရတယ်။
    ဖြေ-(၁၀)။နောင်အခါမှာ မင်းတွေက တရားမရှိ ဖြစ်ကြလိမ့်မယ်။
    မင်းတွေ တရားမရှိရင် မင်းအမတ်တွေ၊ပုဏ္ဏား သူကြွယ်တွေ၊
    နိဂုံး ဇနပုဒ်သားတွေအပြင်၊ရဟန်း ပုဏ္ဏားကစပြီး
    လူအားလုံးဟာ တရားမရှိ ဖြစ်လိမ့်မယ်။
    အဲဒီနောက် အစောင့်နတ်၊ပူဇော်ပသမှု ခံယူတဲ့နတ်၊
    သစ်ပင်စောင့်နတ်၊အာကာသဇိုးနတ်တွေဟာလည်း
    တရားမရှိ ဖြစ်ကြလိမ့်မယ်။ တရားမရှိတဲ့ မင်းတွေရဲ့
    နိုင်ငံမှာ လေတွေ မမှန်ဘဲ ကြမ်းတမ်းမယ်။
    လေတွေက အာကာသဇိုးနတ်တွေရဲ့ ဗိမာန်တွေကို
    လှုပ်စေလိမ့်မယ်။ လှုပ်ရင် နတ်တွေစိတ်ဆိုးလို့
    မိုးကို ရွာခွင့်မပေးဘဲ ထားလိမ့်မယ်။
    ရွာပေမယ့် တစ်နိုင်ငံလုံး တစ်ပြိုင်နက်တည်း မရွာ၊
    နေရာတကာမှာ လယ်ထွန်၊ ကောက်စိုက်မှုအား ကျေးဇူးပြုပြီး
    မရွာဖြစ်လိမ့်မယ်။ နိုင်ငံမှာလိုပဲ ဇနပုဒ်၊ရွာ၊တစ်ဖက်ဆည်
    တစ်ဖက်အိုင် တွေမှာ တစ်ပြိုင်နက်တည်း မရွာဖြစ်လိမ့်မယ်။
    ဆည်ရဲ့အထက်ပိုင်းမှာ ရွာရင် အောက်ပိုင်းမှာမရွာ။
    အောက်ပိုင်းမှာ ရွာရင် အထက်ပိုင်းက မရွာ ဖြစ်လိမ့်မယ်။
    တစ်ပိုင်းက ကောက်ပင်က မိုးရွာလွန်းလို့ ပျက်စီးမယ်။
    တစ်ပိုင်းက မရွာလို့ ညှိုးလိမ့်မယ်။
    တစ်ပိုင်းက ကောင်းကောင်း မိုးရွာလို့ စပါးရလိမ့်မယ်။
    အဲဒီလိုပဲ မင်းတစ်ယောက်ရဲ့နိုင်ငံမှာ စိုက်တဲ့
    ကောက်ပင်တွေဟာ ၃ မျိုးဖြစ်လိမ့်မယ်။
    မေး-(၁၁)။တစ်သိန်းတန် စန္ဒကူးအနှစ်ကို
    ရက်တက်ပုပ်ရည်နဲ့ ရောင်းတယ်။
    ဖြေ-(၁၁)။နောင်အခါမှာ ရဟန်းတွေအများစုဟာ
    ပစ္စည်းနဲ့ပတ်သက်ပြီး လော်လည်ကြလိမ့်မယ်။
    အရှက်မရှိ ဖြစ်ကြလိမ့်မယ်။ ငါဘုရားက
    ပစ္စည်းအပေါ် လော်လည်မှုကို နှိမ်နင်းပြီး ဟောထားတဲ့
    တရားဒေသနာကို ရဟန်းတွေက သင်္ကန်းစတဲ့ ပစ္စည်းလေးပါး
    အတွက် သူတစ်ပါးတွေအား တရားဟောကြလိမ့်မယ်။
    ပစ္စည်းတွေကြောင့် တွေဝေနေတဲ့အတွက် သံသရာက
    ထွက်မြောက်ရေးဘက်မှာတည်ကာ နိဗ္ဗာန်ကို ဦးတည်ပြီး
    တရားမဟောနိုင် ဖြစ်ကြလိမ့်မယ်။ သက်သက်
    သဒ္ဓါပြည့်စုံမှုနဲ့ အသံကောင်းကို ကြားနာရလို့
    အဖိုးကြီးတဲ့ သင်္ကန်းစတာတွေကို လှူကြလိမ့်မယ်လို့
    ရည်ရွယ်ကာ ဟောကြလိမ့်မယ်။အခြားသူတွေက
    လမ်းအကြား၊ လမ်းဆုံလမ်းခွ၊မင်းတံခါးစတဲ့
    အရပ်တွေမှာထိုင်ကာ တစ်ကျပ်၊ငါးမူး၊ တစ်မတ်၊
    တစ်ပဲ စတာတွေကိုအမှီပြုကာ ဟောကြလိမ့်မယ်။
    မေး-(၁၂)။အချည်းနှီးဘူးတွေက ရေမှာ နစ်မြုပ်နေကြတယ်။
    ဖြေ-(၁၂)။နောင်အခါမှာ မင်းတွေက ဇာတ်နဲ့ ပြည့်စုံတဲ့
    အမျိုးကောင်းသားတွေအား အခြွေအရံကို မပေးဘဲ
    အမျိုးညံ့သူတွေအားသာ ပေးကြလိမ့်မယ်။
    အမျိုးညံ့သူတွေက အစိုးရကြလို့ အမျိုးမြတ်သူတွေက
    ဆင်းရဲကြလိမ့်မယ်။ မင်းရဲ့ မျက်မှောက်၊အမတ်ရဲ့မျက်မှောက်၊
    တရားဆုံးဖြတ်ရာနေရာတွေမှာ အချည်းနှီးဘူးတောင်းနဲ့တူတဲ့
    အမျိုးညံ့တွေရဲ့ စကားသာ နစ်ဝင်ပြီးတည်နေသလို
    မလှုပ်မရှား တည်ကြလိမ့်မယ်။
    သံဃာ့အစည်း အဝေးတွေမှာလည်း သံဃာ့ကံ၊ဂိုဏ်းကံ
    နေရာတွေမှာနေရာ သပိတ်၊သင်္ကန်း၊ပရိဝုဏ်စတဲ့
    အဆုံးအဖြတ် နေရာတွေမှာပါ သီလမရှိတဲ့ ယုတ်မာသူတွေရဲ့
    စကားဟာ အောင်မြင်လိမ့်မယ်။ အရှက်ရှိတဲ့
    လဇ္ဇီရဟန်းတွေရဲ့ စကားဟာ မအောင်မြင် ဖြစ်လိမ့်မယ်။
    မေး-(၁၃)။အလွန်ကြီးတဲ့ အိမ်အထွတ်လောက်ရှိတဲ့
    တစ်ခဲနက်ကျောက်တုံးဟာ လှေလိုပဲ ရေမှာ ပေါ်နေတယ်။
    ဖြေ-(၁၃)။နောင်အခါမှာ တရားမရှိတဲ့မင်းတွေက
    အမျိုးညံ့သူတွေအား အခြွေအရံကို ပေးကြလိမ့်မယ်။
    အမျိုးညံ့သူတွေက အစိုးရကြလိမ့်မယ်။
    အမျိုးမြတ်သူတွေက ဆင်းရဲကြလိမ့်မယ်။
    အမျိုးမြတ်သူတွေအပေါ် ဘယ်သူကမှ အလေးပြု
    ကြလိမ့်မည်မဟုတ်။ အမျိုးညံ့သူတွေအပေါ်သာ
    အလေးပြုကြလိမ့်မယ်။ မင်းရဲ့ရှေ့မှောက်၊
    အမတ်တွေရဲ့ရှေ့မှောက်၊ တရားဆုံးဖြတ်ရာနေရာတွေမှာ
    ဆုံးဖြတ်မှု ကျွမ်းကျင်တဲ့၊ တစ်ခဲနက်ကျောက်တုံးနဲ့တူတဲ့
    အမျိုးကောင်းသားတွေရဲ့ စကားဟာ
    အရာမရောက်ဖြစ်လိမ့်မယ်။
    “ဒီလူတွေ ဘာကို ပြောနေတာလဲ”လို့ ပျက်ရယ်မှုကို
    ပြုကြလိမ့်မယ်။ ရဟန်းအစည်းအဝေးတွေမှာလည်း
    ဆိုခဲ့ပြီးတဲ့ နေရာတွေမှာ သီလကို ချစ်တဲ့ ရဟန်းတွေကို
    အလေးပြုစရာလို့ မထင်မှတ်ဘဲ ရှိကြလိမ့်မယ်။
    ရဟန်းကောင်းတွေရဲ့ စကားဟာ အရာမရောက်ဘဲ
    ရှိလိမ့်မယ်။
    မေး-(၁၄)။သစ်မည်စည်ပွင့်ငယ်လောက်ရှိတဲ့ ဖားမတွေက
    အလွန်ကြီးတဲ့ မြွေဟောက်တွေကို အဟုန်နဲ့ လိုက်ပြီး
    ကြာရိုးတွေလိုဖြတ်ဖြတ်ပြီး အသားကိုစားကာ မျိုနေကြတယ်။
    ဖြေ-(၁၄)။နောင်အခါမှာ လူတွေဟာ ရာဂကြီးပြီး ကိလေသာ
    အလိုကို လိုက်ကြလိမ့်မယ်။ အလွန်ငယ်တဲ့ မယားတွေရဲ့
    အလိုကို လိုက်ကြလိမ့်မယ်။ အိမ်က ကျွန်၊အလုပ်သမား
    စတာတွေ.. နွား၊ကျွဲစတာတွေနဲ့ ရွှေငွေဟာလည်း
    မယားငယ်ငယ်လေးတွေနဲ့သာ ဆက်စပ်လိမ့်မယ်။
    “ရွှေငွေနဲ့ အပိုင်းအခြားစတာတွေဟာ ဘယ်မှာလဲ”လို့
    မေးရင် “ရှိချင်ရာမှာ ရှိပါစေ၊ သင် ကြောင့်ကြစိုက်နေလို့
    ဘာအကျိုးရှိမှာလဲ၊ သင်ဟာ ငါ့ရဲ့အိမ်မှာ ရှိတာကိုရော၊
    မရှိတာကိုပါ သိလိုသလား” လို့ ပြောပြီး နည်းအမျိုးမျိုးတွေနဲ့
    ဆဲရေးကာ နှုတ်လှံထိုး၍ သူ့အလိုလိုက်အောင် လုပ်ပြီး
    စိုးမိုးကြလိမ့်မယ်။
    မေး-(၁၅)။မသူတော်အကျင့် ၁ဝ ပါးနဲ့ ပြည့်စုံတဲ့ ရွာမှာ
    ကျက်စားတဲ့ ကျီးကို ရွှေဟင်္သာမင်းတွေက ဝိုင်းရံနေတယ်။
    ဖြေ-(၁၅)။နောင်အခါမှာ မင်းတွေဟာ ဆင်စီးအတတ်စသည်မှာ
    မကျွမ်းကျင်ကြလို့စစ်တိုက်ရာတွေမှာ ကြောက်ရွံ့ကြလိမ့်မယ်။
    မင်းတွေက သူတို့ရဲ့ မင်းစည်းစိမ်ပျက်စီးသွားမှာ
    ကြောက်ကြလို့ ဇာတ်တူအမျိုးကောင်းသားတို့အား
    အစိုးရမှုကို မပေးဘဲ မိမိတို့ရဲ့ ခြေရင်းအလုပ်အကျွေး၊
    ရေချိုးပေးသူ၊ဆတ္တာသည်စသည်တွေအား
    အစိုးရမှုကို ပေးကြလိမ့်မယ်။ ဇာတ်၊အနွယ်နဲ့
    ပြည့်စုံကြတဲ့ အမျိုးကောင်းသားတွေက
    မင်းမျိုးမှာ ထောက်တည်မှီခိုရာ မရကြလို့ အသက်မွေးဖို့
    မတတ်နိုင်တဲ့အတွက် အစိုးရမှုမှာ တည်နေကြတဲ့
    ဇာတ်ညံ့တွေကို လုပ်ကျွေးကာ လှည့်လည်ကြလိမ့်မယ်။
    မေး-(၁၆)။သိုးတွေက ကျားသစ်တွေကို နောက်က
    လိုက်ကာ ကျွတ်ကျွတ်မြည်အောင် ဝါးစားနေကြတယ်။
    ပြီးတော့ ကြောက်လန့်နေတဲ့ အခြားဝံပုလွေတွေက
    သိုးတွေကို အဝေးကပဲ မြင်ကာ သိုးတွေ ကို
    ကြောက်လို့ ပြေးပြီး ချုံရှုပ်စတဲ့ အရပ်တွေကို
    ဝင်ကာ ပုန်းအောင်းနေကြတယ်။
    ဖြေ-(၁၆)။နောင်အခါမှာ အမျိုးညံ့သူတွေက မင်းနဲ့
    အကျွမ်းဝင်သူတွေ ဖြစ်ကာ အစိုးရကြလိမ့်မယ်။
    အမျိုးမြတ်သူတွေက မထင်မရှား ဖြစ်ကာ ဆင်းရဲကြလိမ့်မယ်။
    မင်းနဲ့အကျွမ်းဝင်တဲ့ အမျိုးညံ့တွေ က မင်းကို
    သူတို့စကား လိုက်နာစေကာ ဆုံးဖြတ်ရာနေရာ
    စသည်တွေမှာ အားကောင်းလာပြီး အမျိုးမြတ်သူတွေရဲ့
    အစဉ်အဆက်က လာတဲ့လယ်၊ယာစသည်တွေကို
    “ဒါတွေဟာ ငါတို့ဥစ္စာတွေပဲ” လို့ တရားစွဲပြီး
    အမျိုးမြတ်သူတွေက “သင်တို့ဟာ မဟုတ်၊ ငါတို့ဟာပဲ”
    လို့ လာပြီး တရားဆုံးဖြတ်ရာနေရာ စသည်တွေမှာ
    ငြင်းခုံကြတဲ့အခါ ကြိမ်၊နွယ်စသည်တွေနဲ့
    ရိုက်ပုတ်စေကာ လည်ပင်းကိုကိုင်ပြီး ဆွဲထုတ်စေကြတယ်။
    “ကိုယ့်ပမာဏကို မသိကြဘူး။ငါတို့နဲ့ ငြင်းခုံကြတယ်။
    အခု သင်တို့ကို မင်းအားပြောပြီး လက်ခြေဖြတ်ခြင်း
    စသည်တို့ကို ပြုစေကြမယ်”လို့ ခြိမ်းခြောက်ကြတယ်။
    အမျိုးညံ့သူတို့ကို အမျိုးမြတ်သူတွေက ကြောက်လို့
    သူတို့ရဲ့ ဥစ္စာတွေကို “သင်တို့ရဲ့ ဥစ္စာတွေကို ယူကြပါ”
    လို့ အပ်နှင်းပြီး သူတို့ရဲ့အိမ်ကို ဝင်ကာ အိပ်နေကြလိမ့်မယ်။
    ရဟန်းယုတ်တွေကလည်း သီလကိုချစ်တဲ့ ရဟန်းတွေကို
    ကြိုက်သလို ညှဉ်းဆဲကြလိမ့်မယ်။ ရဟန်းကောင်းတွေဟာ
    ခိုကိုးရာကို မရကြလို တောကို ဝင်ပြီး၊တောရှုပ်တဲ့
    နေရာတွေမှာ ပုန်းအောင်းကြရလိမ့်မယ်။ ။

    【စာရိုက်ပူဇော်သူ - Admin Team of
    Young Buddhist Association】
    -【ဇာတက၊ ဋ္ဌ၊ ပ၊၂၅၅–၃၆၃ထိ】
    -【သာမဏေကျော်ဆရာတော်ဦးဓမ္မိကာလင်္ကာရာဘိဝံသ-
    သာမဏေကျော် မဟာဂန္ဓာရုံကျောင်းတိုက်】

    No comments

    Post Top Ad

    Post Bottom Ad