မိုးညှင်းမြို့မှ ချောင်းကူးတံတားလေး
" မိုးညှင်းမြို့မှ ချောင်းကူးတံတားလေး "
ဇာတ်လမ်း / စာရေးသူ - “ မိုးစွေ ~
( အမှန် တကယ်ကြုံခဲ့သော သူများ နေရာမှ ခံစား၍ ရေးသည်။ )
“ ၀ါသနာအရရေးသားခြင်းဖြစ်သောကြောင့် အမှားအယွင်းရှိပါက ခွင့်လွှတ်ပေးစေလိုပါသည် ။
ဝေဖန်မှုများကို ကြိုဆိုပါသည် ။ :) ”
၁၉၅၆ ခုနှစ် ၀န်းကျင်လောက်က အဖြစ်အပျက်လေးတစ်ခုပါ ။
မိုးညှင်းမြို့မှ ရှေ့မီနောက်မီလူကြီးသူမ တော်တော်များများ သိကြပါတယ် ။
ကျွန်တော်တို့ မိုးညှင်းမြို့ကလေးက အတော့်ကို သာယာလှပပြီး
နေချင်စရာမြို့ကလေးတစ်မြိုကပါခင်ဗျာ ။
ကျွန်တော်တို့ မိုးညှင်းမှာ ထူးခြားဆန်းကျယ်တဲ့အရာတွေကတော့
များလွန်းလို့ ပြောလို့ကုန်နိုင်မယ်မထင်ဘူး ။
ကျွန်တော်တို့မြို့မှာ ‘ နတ်ရင်း ’ ချောင်းကလေးတစ်ခုရှိတယ်ဗျ
အဲ့ဒီချောင်းကလေးက တစ်ခြား မြစ်ချောင်းတွေလို ‘ မြောက်ဘက်ကနေ တောင်ဘက်ကို
မစီးဆင်းဘူးဗျ သူက ‘ တောင်ဘက်ကနေ မြောက်ဘက်ကို ပြောင်းပြန်စီးဆင်းနေတာ
ကျွန်တော်တို့ နိုင်ငံမှာ ‘ တောင်ဘက်ကနေ မြောက်ဘက်ကို စီးဆင်းနေတဲ့ ချောင်းဆိုလို့
ကျွန်တော်တို့ မိုးညှင်းမြိုကလည်ခေါင် က ‘ နတ်ရင်း ’ ချောင်း ကတစ်ခု
ရှမ်းပြည်နယ် ‘ ကျောက်မဲ ’ ဆိုတဲ့မြိုကကလေးမှာ တစ်ခု
ကလေးမြို့က ` မြစ်သာမြစ် ´ နဲ့
ပေါင်း သုံးခုပဲရှိတယ်ဗျ ၊
နောက်ပြီး ‘ နတ်ရင်း ’ ချောင်းကလေးက မြို့လယ်ခေါင်မှာ ဖြတ်စီးဆင်းနေတာဆိုတော့
ပြောရရင် မြို့ကျက်သရေဆောင်
ချောင်းကလေးပေါ့ ။
ဟိုးအရင်တုန်းက ချောင်းကလေးကို ဖြတ်ပြီး ဟိုဘက်ကမ်း ဒီဘက်ကမ်း ကူးဖို့ရာ
ဝါးတံတားလေး ထိုးထားတယ် နောက်ပိုင်းခေတ် မြန်မာ နိုင်ငံ လွတ်လပ်ရေးရပြီးချိန်လောက် က
အစိုးရက အဲ့ဒီ ၀ါးတံတားလေးကို ဖျက်ပြီး တံတားအသစ်ကို သံတွေနဲ့ သေသေချာချာ
တောင့်တောင့်တင်းတင်း အသစ်ပြန်ဆောက်ထားပေး ထားတယ် ဗျ ။
တံတားအရှည်က ပေ ၂၀၀ လောက်ရှိမယ် ၊ အကျယ်က တော့ကားတစ်စီးစာတော့ရှိတယ် ။
ကျွန်တော်အခုပြောမယ့်ဇာတ်လမ်းက အဲ့ဒီတံတား အကြောင်းပေါ့ဗျာ ။
ဇာတ်လမ်းက ဒီလိုစတာ ……………… ။
မိုးညှင်းမြို့ကြီးကို မြို့အလယ်ခေါင်ကနေ ‘ နတ်ရင်း ’ ချောင်းကလေးက
ဖြတ်ပြီး စီးဆင်းနေတော့ မြို့က ဟိုဘက် ဒီဘက် နှစ်ခြမ်းကွဲနေတာပေါ့ဗျာ ။
ပြောရရင် ‘ မြို့မရပ် ’ နဲ့ ‘ နန်းခါရပ် ’ (ရပ် = ရပ်ကွက်) ဆိုတဲ့ရပ်ကွက်နှစ်ခုပေါ့ ။
‘ နတ်ရင်းချောင်း ’ ဟိုဘက်က ‘ မြို့မရပ် ’ ဒီဘက်ခြမ်းက ‘ နန်းခါရပ် ’ ဆိုပြီးသတ်မှတ်ထားတယ်
ကျွန်တော်တို့က ‘ မြို့မရပ် ’ဘက်မှာနေတာဗျ ၊ မြိုကလည်က ‘ သံတံတား ’ နဲ့
ကျွန်တော်တို့အိမ်ကလေးက အတော်နီးတယ် ။
မြို့ရဲ့ ဈေးက ချောင်းရဲ့ တစ်ဘက်ကမ်း မှာရှိတဲ့ ‘ နန်းခါရပ် ’ မှာ ရှိတယ် ။
ကျွန်တော့် ယောက္ခမကြီးက အဲ့ဒီခေတ်က ‘ နန်းခါရပ် ’ ကဈေးကို
ကန်ထရိုက်ယူထားတာဗျာ ၊ ဈေးကောက်လဲရတယ်
သူက မြို့မျက်နှာဖုံးလိုဖြစ်နေတာပေါ့ ။ ဒါပေမယ့်
သူဌေးဆိုပြီး ကြွားကြွားဝါ၀ါမရှိရှာဘူး မိန်းမတစ်ယောက်တန်မဲ့
အလုပ်လဲအင်မတန်လုပ်တာ
ဈေးထဲမှာ သူ့ရဲ့ သစ်သီးဆိုင်လေးလဲရှိတယ်ဗျ ။
တစ်ရက်မှာ နံနက်ခင်းအရုဏ်တက်ချိန်
မရောက်ခင်လောက်မှာ သူအိပ်ယာထပြီး
သူ့ရဲ့ ပန်းသီးလှည်းကလေးကို တွန်းပြီး ‘ နန်းခါရပ် ’ က ဈေးကိုသွားတာပေါ့
သူလည်း ခါတိုင်းလိုပဲ ဆိုင်သွားဖွင့်မယ်ဆိုပြီး သွားနေကျအတိုင်း
‘ နတ်ရင်း ’ ချောင်းပေါ်က သံတံတားလေးအပေါ်ကနေ တအိအိနဲ့
ပန်းသီး လှည်းကလေးတွန်းပြီး သွားနေတုန်း သူ့နောက်ကနေ
တစ်ယောက်ယောက်လိုက်လာသလိုမျိုး ခံစားရလို့
အနောက်လှည့်ကြည့်တာ ဘယ်သူမှမရှိဘူးတဲ့ ၊ အဲ့ဒါနဲ့ သူလည်း
လှည်းကလေးကို ဆက်တွန်းပြီး သွားတာပေါ့ အဲ့မှစတာပဲ
သူအနောက်ကနေပြီး ခြေသံတွေကြားနေရတယ်
‘ စစ်ဖိနပ်အသံ ’ တဲ့ဗျ ၊ သူခြေတစ်လှမ်းလှမ်းရင်
အဲ့ဒီ ဖိနပ်အသံကိုလည်း တစ်ချက်ကြားရတယ်
“ ဒေါက် ဒေါက် … ဒေါက် ဒေါက် ” နဲ့ပေါ့ဗျာ ။
တံတားပေါ်မှာကလည်း သူတစ်ယောက်တည်းရှိတာလေ
အနီးအနားမှာ လူမပြောနဲ့
ခွေးတောင်မရှိဘူးတဲ့လေ ။
သူလည်း သရဲခြောက်နေမှန်းသိတော့ ကြောက်လန့်ပြီး
ချွေးစီးချွေးပေါက်တွေ ကျလာတယ် အဲ့ဒီအချိန်မှာပဲ
သူ့ကိုယ်လုံးကို အအေးလှိုင်းတစ်ခုက ဖြတ်သွားသလို
ခံစားလိုက်ရတယ်တဲ့ ၊
သူ့ကျောဘက်မှာ တစ်ယောက်ယောက်ကပ်ပြီးရပ်နေတာကို
လှည့်မကြည့်ပေမယ့် ခံစားနေရတယ် ၊ ဘယ်ရမလဲ
သူလည်း အော်ပြီး အိမ်ပြန်ပြေးလာတာ သူပြေးတော့ အနောက်က
ဖိနပ်အသံကလည်း ပြေးလိုက်တာတဲ့ တံတားအဆုံးရောက်တော့မှ
အနောက်ကလိုက်နေတဲ့ဖိနပ်အသံက ပျောက်သွားတယ်တဲ့
အိမ်ရောက်တော့ အကြောက်လွန်ပြီး ကြောင်တောင်တောင်ကြီး
ဖြစ်နေတာ ကျွန်တော့်မှာ ဘုရားစင်က ပရိတ်ရေတွေတိုက်
ခေါင်းကနေ ကိုယ်ကို သပ်ချပြီး သူ့ကိုမနည်းပြန်ပြီး
သတိလည်လာအောင် လုပ်ပေးလိုကရတယ်ဗျာ ။
မနက်လင်းမှ ပန်းသီးလှည်းကို ကျွန်တော်သွား ပြန်ယူပေးရတယ် ။
နောက်နေ့တွေမှာ စောစောစီးစီး သူတစ်ယောက်တည်း
ဘယ်တော့မှ အဲ့ဒီ တံတားကို မဖြတ်ရဲတော့ဘူး ။
နောက်ရက်နည်းနည်းလောက်ကြာတော့ တစ်ရက်မှာ
အမေ ( ယောက္ခမကြီး ) ကမမှတ်သေးဘူးဗျ အဲ …. ဒီတစ်ခါညဘက်ကြီးဗျ
သူကရဲ့ ဈေးထဲက အလုပ်ကိစ္စတွေရှင်းလင်းပြီးပြန်လာတာထင်တယ်
ညတော်တော်နက်နေပြီဗျ ။ အဲ့အချိန်မှာ သူတစ်ယောက်တည်း
‘ သံတံတား ’ ကို ခြေလှမ်းသွက်သွက်နဲ့ ဖြတ်လာခဲ့တာပေါ့ ၊
တံတားအလယ်လောက်ရောက်တော့ ဟိုတစ်ခါသရဲခြောက်ခံရတာကို
မှတ်မိပြီး ခေါင်းနပန်းတွေကြီးလာ တယ် ၊ သူ့ ခြေလှမ်းကိုလည်း
ပိုပြီးမြန်အောင် လှမ်းနေတာပေါ့ ။ နောက်ဆုံး တံတားရဲ့အဆုံး
( အိမ်ဘက် ) ကိုရောက်သွားခဲ့တော့ သူလည်း
တင်းထားတဲ့စိတ်ကို လျော့ သက်ပြင်းချပြီး
ဘာရယ်မဟုတ်ဘူး အနောက်ကို ( တံတားရှိရာ ) လှည့်ကြည့်လိုက်တော့
တံတား ရဲ့ အစွန်းဘက်မှာ ဖြူဖြူကောင်ကြီးတဲ့
လူလိုပဲ မတ်တက်ရပ်နေတာ အရပ်ကြီးက ထန်းပင်ထက်ကိုမြင့်တယ်ဆိုပဲ
သူလဲ အောင်မလေး ဆိုပြီးအိမ် ကိုအော်ပြီးပြန်ပြေးလာတာ
တစ်အိမ်လုံး လန့်နိုးလာပြီး မေးတာပေါ့ ဘာဖြစ်တာလဲဘာလဲပေါ့ ၊
သူမှာချက်ချင်းပြန်မဖြေနိုင်ဘူး ပါးစပ်ကလဲ ဖြူဖြူကောင်ကြီး .. ဖြူဖြူကောင်ကြီး
ဆိုပြီး ထပ်ခါထပ်ခါပြောနေတာ ပြန်ကြားရတဲ့ ကျွန်တော်တို့တောင်
ကြက်သီးတဖြန်းဖြန်းထမိတယ် ၊ သူဆိုရင် ပြောမနေနဲ့တော့
ကျွန်တော်လည်း ပထမတုန်းကလိုမျိုးပဲ သူ့ကို
ဘုရားစာတွေရွတ်ပြီး ပရိတ်ရေတွေနဲ့ ခေါင်းကနေသပ်ချပေးလိုက်တယ်
ပြီးတော့ဘာမှမမေးတော့ပဲ ချော့ပြီးအိပ်ခိုင်းလိုက်တယ် ။
မနက်ရောက်မှ မေးတော့ အကြောင်းစုံသိရတာဗျ ။
ထူးခြားတာလား တိုက်ဆိုင်တာလားပဲ
ယောက္ခ္ခမကြီး အဲ့လိုဖြစ်ပြီးမနက်ရောက်တော့
ကျွန်တော်တို့ဘေးနှစ်အိမ်ကျော်က အမျိုးသမီးကြီးတစ်ယောက်
ပြောရရင် သူတို့က တံတားနဲ့ပိုနီးတာပေါ့ အဲ့ဒီအိမ်က
အမျိုးသမီးတစ်ယောက်က အကောင်းကြီးကနေ ရူးသွားတယ်
ပါးစပ်ကလည်း ပေါက်ကရတွေပြောနေတာ
အမေ ( ယောက္ခမကြီး )
ညက ပြောသလို “ ဖြူဖြူကောင်ကြီး .. ဖြူဖြူကောင်ကြီး လာနေပြီး
မလာနဲ့ သွားငါ့ဆီမလာနဲ့ ဆိုတဲ့စကားတွေလည်း ပါတယ်ဗျ
ကျွန်တော်ထင်တာမမှားဘူးဆိုရင် အင်း…… သူလည်း ……………. ။
ဒီတစ်ခါတော့ ကျွန်တော့် ယောက္ခမကြီး သေချာကိုမှတ်သွားပုံရတယ်
နောင် အဲ့ဒီ သံတံတားပေါ်မှာ လူရှင်းတဲ့အချိန် ဘယ်တော့မှ
သူတစ်ယောက်တည်း မဖြတ်ရဲတော့ ။
ခန့်မှန်းခြေ (၁၉၅၂ ခုနှစ်) ၀န်းကျင်လောက်မှာ ကျွန်တော်တို့
မိုးညှင်းမြို့ကြီး အကြီးအကျယ် မီးလောင်ခဲ့တယ် ။
မီးကပြင်းတော့ ကျွန်တော့်တို့ ဒီဘက်ရပ်ကွက် ‘ မြို့မရပ် ’ က
အကုန်လုံးနီးပါး လောင်သွားပြီး တံတားအနီးကနေ ဆီပေပါ တစ်ချို့ ပေါက်ကွဲပြီး
တစ်ချို့က လွင့်ထွက်ကုန်တယ် အဲ့လိုလွင့်ထွက်လာတဲ့ ဆီပေပါတစ်ချို့က
တံတားကနေ တောက်လျှောက် လိမ့်သွားပြီး တံတား ဟိုဘက်ရပ်ကွက် ဖြစ်တဲ့
‘ နန်းခါရပ် ’ ကိုပါ မီးကူးသွားတယ် ‘ နန်းခါရပ် ’ လည်း အကုန် ကုန်တာပဲ
မီးလောင်မှုမှာ ကျွန်တော်တို့မိသားစုအပါအ၀င် လူတော်တော်များများ
အဘက်ဘက်က အတော်လေးအထိနာသွားကြတယ် ၊
မြို့လည်ခေါင်က သံတံတားလည်း မီးထဲပါသွားတော့
ဟိုဘက်ကမ်းဒီဘက်ကမ်း ကူးရခက်သွားတယ် ။
နောက်လူတွေက ၀ါးကြီးကြီးတွေကို တိုင်လုပ်ပြီးသစ်သားပြားတွေခင်းပြီး
တံတားအသစ်ပြန်ဆောက်ကြတာပေါ့ ။ အခေါ်အဝေါ်ကလည်း ‘ သံတံတား ’ ကနေ
‘ ၀ါးတံတား ’ လေးပြန်ဖြစ်သွားတာပေါ့ဗျာ ။ ပြန်ဆောက်ထားတဲ့ ၀ါးတံတားလေးက
သိပ်မခိုင်ဘူးဗျ ရေတွေကြီးရင် အကုန်တိုက်ပြီး ရေနဲ့ပါသွားရော ပြန်ပြန်ပြင်နေရတယ်
‘ သံတံတား ’ ကနေ ‘ ၀ါးတံတား ’ ဖြစ်သွားတော့သရဲမခြောက်တော့ဘူးလို့ထင်သလား
မထင်နဲ့ဗျာ ညဘက်တစ်ယောက်တည်းပြန်လို့ကတော့ အဲ့ဒီ တံတားက
ကြိုးတံတားလိုမျိုး ခါပြီးယမ်းတာနေတာတဲ့ အဲ့လို အခြောက်ခံရတာ
တစ်ယောက်နှစ်ယောက်မဟုတ်ဘူးနော် နောက်လူပြောများလာတော့ မြို့ကလူတွေ
တစ်ယောက်တည်းမဖြတ်ရဲကြတော့ဘူး ။
အဲ့ဒီအချိန်တုန်းက ကျွန်တော်ကမြို့ရဲ့ မီးသတ်မှာ စေတနာ့ဝန်ထမ်းလုပ်နေချိန်ဗျ
အလုပ်ရှိရင်လုပ်တယ် အားတဲ့အချိန်ဆို မီးသတ်ဌာနမှာ ၀ိုင်းကူညီပေးတာပေါ့ ။
ကျွန်တော် ‘ မိုးစွေ ’ သွားလေရာဆောင်သွားလေ့ရှိတာတွေက
ဓါးမြှောင်တစ်လက် ၊ လက်နှိပ်ဓါတ်မီး ၊
ပြီးတော့ လောက်လေးခွ နဲ့ ခဲလုံးတွေ ပေါ့ဗျာ ၊ ခဲလုံးတွေက
ရိုးရိုးခဲလုံးတွေမဟုတ်ဘူးနော် ပရိတ်ခဲတွေဗျ ၊ လူလဲပစ်လိုရသလို
သရဲ ရန်လဲကာကွယ်လို့ရအောင်ပေါ့ ဗျာ ။
တစ်နေ့မှာ ကျွန်တော် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင် စေတနာ့ဝန်ထမ်းသူငယ်ချင်းတွေနဲ့
ဂျူတီကျနေချိန်ပေါ့ အဲ့ဒီညက ကျွန်တော်တို့ သူငယ်ချင်းတွေ ညကြီး အချိန်မတော်
ည ၁နာ၇ီလောက်ဗျ ဂျူတီကျ နေတဲ့ သူငယ်ချင်းတစ်စုနဲ့အတူ ‘ နတ်ရင်း ’ ချောင်းနံဘေးမှာ
ဓါးရှည်တစ်လက်စီကိုင် မီးတုတ်ကိုယ်စီနဲ့ ချောင်းကမ်းဘေးနားမှာ အိပ်နေကြတဲ့
ငါးရံ့တွေကိုရှာပြီး ဟင်းစားလုပ်ဖို့ ဓါးနဲ့လိုက်ခုတ်ကြတယ် တစ်ညတစ်ည
ပုံးနဲ့ဆို တစ်ဝက်နီးပါးလောက်ရတယ် အဲ့လိုရလာတဲ့ ငါးတွေကို
သူငယ်ချင်း ၉ ယောက် ၁၀ ယောက် စုပြီး ချက်စားကြတာပေါ့ဗျာ
အပျော်ပေါ့ ။ ဒီလိုနဲ့ တစ်ညကြတော့ ဂျူတီချိန်ပြီးလို့ ညကြီးမိုးချုပ်
ကျွန်တော်တစ်ယောက်တည်း ‘ ၀ါးတံတား ’ ကိုဖြတ်ပြီး ပြန်လာတာဗျ
အဲ့ဒီအချိန်မှာ ကျွန်တော့် နားထဲမှာ ဖား အော်သံကိုကြားလိုက်တယ်
“ ကွက်ကွက် ကွက်ကွက် ” နဲ့ ဗျ ကျွန်တော်လည်း ဘာရယ်မဟုတ်ဘူး
လူငယ်လည်း လူငယ်ဆိုတော့ ပါးစပ်ဆော့ပြီး ဖားတွေအော်သလိုမျိုး
“ ကွက်ကွက် ကွက်ကွက် ” ဆိုပြီး လိုက်အော်ကြည့်တာ တကယ်က
ဖားတွေကို နောက်တာပေါ့ဗျာ :D
အဲ့ဒီအချိန်မှာပဲ ကျွန်တော်ကြားနေတဲ့ ဖားအော်သံ တစ်သံကနေ
ဖားနှစ်ကောင် သုံးကောင်လောက်ပြန်အော်တဲ့အသံကိုကြားရတယ် ။
ကျွန်တော်ထင်တာ ကျွန်တော့် အသံကြောင့် ကျန်တဲ့ ဖားတွေပါ
ပြန်အော်တာပေါ့ ပြီးတော့ ဘယ်ဟုတ်မလဲ နောက်ထပ်
ဖားအော် သံတွေထပ်ထွက်လာတယ် “ ကွက်ကွက် ကွက်ကွက် ” နဲ့
အကောင် ၂၀ လောက်ရှိမယ် ၀ိုင်းအော်နေတာ ပြီးတော့
တဖြည်းဖြည်း ပိုပိုများလာတယ် ဖားအော်သံတွေ ဆူညံနေတာပဲ
ကျွန်တော်လဲ ဆက်မနောက်ရဲတော့ပဲ တံတားပေါ်လမ်းလျှောက်ရင်း
ပြန်လာတော့ ခုနက ကြားနေရတဲ့ ဖားအော်သံတွေက
နှစ်ဆ သုံးဆ ကျယ်လာတယ် ခန့်မှန်းခြေ ဖား အကောင် ၂၀၀ လောက်
ဝိုင်းအော်မှ ထွက်မယ့်အသံမျိုး ဆူညံနေတာပဲ “ ကွက်ကွက် ကွက်ကွက် ” နဲ့
ကျွန်တော်လည်း ကြက်သီးမွှေးတစ်ဖြန်းဖြန်းထလာတယ်
အခြေအနေမဟန်တော့မှန်းသိတော့ အိမ်ကို တချိုးတည်း ပြေးတော့တာပဲ ။
အိမ်ပြန်ရောက်တော့ ဟောဟဲ ဟောဟဲ ဖြစ်နေတာပေါ့
အဲ့ချိန်ကိုယ့်ဘာကိုယ် ဘုရားစာတွေရွတ်ပြီး ပရိတ်ရေလေးသောက်လိုက်တာ
ရင်ထဲအေးသွားတာပဲ အဲ့ဒီညကစပြီး နောက်ဆို ကျွန်တော်
ပါးစပ် ဘယ်တော့မှမဆော့ရဲတော့ဘူး ။
ဒီအကြောင်းအရာတွေက ကျွန်တော် မိုးညှင်းဆိုတဲ့မြို့ကလေးမှာ
နေထိုင်စဉ်တုန်းက ‘ နတ်ရင်း ’ ချောင်းပေါ်မှာရှိတဲ့ တံတားအကြောင်း
ကိုယ်တိုင်ကြုံတွေ့ခဲရတဲ့ ဖြစ်ရပ်မှတ်လေးတွေပါ ။
ယခု ခေတ်မှာတော့ ထိုတံတားလေးက သံတံတားလေးပြန်ဖြစ်နေပါပြီ ။
ကျွန်တော်တို့ ခေတ်ကလို
ခြောက်လှန့်သေးသလားဆိုတာတော့
ယနေ့ခေတ်လူငယ်တွေအတွက် မေးခွန်းတစ်ခုဖြစ်နေမှာပါ ............... ။
#အဆင်ပြေလျှင် “ မိုးညှင်းမြို့ ” မှာနေတုန်းက ထူးဆန်းတာလေးတွေကြုံခဲ့တာကို
ရေးသားချင်ပါသေးသည်။#
~ မိုးစေ ~ွ
Credits
No comments