• Presentation လုပ်ရာတွင် သိထားရမည့် အချက်များ

    Presentation လုပ်ရာတွင် သိထားရမည့် အချက်များ

    ဆရာ Sun Thurain Moe ရေးသားထားသည့် Presentation လုပ်ရာတွင် သိထားရမည့် အချက်များ ကို ပြန်လည်ဝေမျှ ဖေါ်ပြပါသည်။

    ပို့စ်များကို ပြန်လည်ဝေမျှ လိုပါက လွတ်လပ်စွာ ဝေမျှ နိုင်ပါသည်။

    စာရေးသူများ၊ ဆရာများ ၏ စေတနာကို အသိအမှတ် ပြု၊ လေးစားသောအားဖြင့် Credit ပေးကြပါရန် လေးစားစွာ မေတ္တာ ရပ်ခံ အပ်ပါသည် ခင်ဗျာ။

    •••

    [ Zawgyi ]

    ဒီဘက်ခေတ်မှာ presentation ဆိုတာ သိပ်ထူးဆန်းလှတဲ့ အရာတစ်ခုတော့ မဟုတ်တော့ပါဘူးး။

    အထူးသဖြင့် ကွန်ပျူတာနယ်ပယ်က လူတွေအနေနဲ့ ကိုယ်တိုင်လဲ presentation လုပ်ဖူးကြသလို သူများတွေလုပ်တဲ့ presentation တွေကိုလဲ ခဏခဏ နားထောင်ရလေ့ ရှိကြပါတယ်။

    ဒါပေမယ့် presentation လုပ်ရာမှာ လိုက်နာသင့်တဲ့ အချက်တွေနဲ့ ရှောင်ကြဉ်သင့်တဲ့ အချက်တွေကို သိကြတဲ့သူတွေကတော့ အတော်နည်းပါတယ်။

    Presentation တွေမှာ ကြုံဖူးကြမှာပါ။
    တချို့ presenter တွေက presentation လုပ်တဲ့နေရာမှာ အရမ်းကောင်းပါတယ်။  စလယ်ဆုံး ဆိုသလို ပြောချင်တဲ့ အချက်တွေကို နားထောင်ရတဲ့ လူတွေ ငြီးငွေ့မသွားအောင်၊ သူပြောနေတာကို စိတ်ဝင်စားအောင်နဲ့  ရှင်းရှင်းလင်းလင်း နားလည်အောင် ထိထိမိမိ ပြောတတ်ကြပါတယ်။

    တချို့ကျတော့လဲ presentation သာ ပြီးသွားတယ်၊ ဘာပြောချင်မှန်းလဲ မသိ။
    ပြောနေတာကလဲ လိုရင်းကို မရောက်နိုင်။ သူပြောနေတာကိုလဲ ဘယ်သူမှ စိတ်မဝင်စား။
    နားထောင်ရတာကလဲ အမြီးအမောက်မတည့်။
    ဘာတွေပြောသွားလို့ ပြောသွားမှန်းကို မသိနိုင်လောက်အောင် presentation ညံ့တဲ့သူတွေကလဲ မရှားပါဘူး။

    အဲ့ဒီလိုတွေ ဘာလို့ ဖြစ်ရသလဲဆိုတော့ presentation တစ်ခုကို ဘယ်လိုလုပ်ရမလဲ ဆိုတာကို နားမလည် သဘောမပေါက်လို့ ဖြစ်ရတာပါ။ Presentation မှာလဲ presentation techniques ဆိုတာ ရှိပါတယ်။
     
    အဲ့ဒါတွေကို သိထားမယ်ဆိုရင် ကိုယ်တိုင် presentation လုပ်ဖို့ကြုံလာချိန်မှာ အကောင်းဆုံး မဖြစ်တောင် ရုပ်ပျက်ဆင်းပျက်တော့ မဖြစ်နိုင်ပါဘူး။
    အဲ့ဒီ presentation techniques တွေက ဘာတွေလဲ ဆိုရင် ဒီလိုပါ။
     
    Presentation တွေကို အကြမ်းဖျဉ်းအားဖြင့် အမျိုးအစား ခွဲကြည့်ရင် (၃) မျိုး တွေ့ရပါတယ်။
     
    (၁) သတင်း အချက်အလက်များ ပေးခြင်း (Information providing)
    (၂) သင်ခန်းစာ / ရှင်းလင်းချက်များ ပို့ချခြင်း (Tutorial / Explanation) 
    (၃) စီမံကိန်းများ / ယူဆချက်များ တင်ပြခြင်း (Proposal / Persuasion)
     
    ဒီလို အမျိုးအစားတွေ ခွဲထားရတဲ့ အကြောင်းရင်းက presentation ကို လာနားထောင်မယ့် audience တွေက တစ်မျိုးနဲ့တစ်မျိုး တူမှာ မဟုတ်တဲ့အတွက် ကိုယ့်ရဲ့ audience တွေနဲ့ လိုက်ဖက်တဲ့ presentation ပုံစံကို စဉ်းစားပြီး ပြင်ဆင်နိုင်ဖို့ပါ။
     
    အဲဒီလို ပြင်ဆင်တဲ့ အခါမှာ ကောင်းမွန်ပြည့်စုံတဲ့ presentation တစ်ခုဖြစ်ဖို့ အောက်မှာပြောထားတဲ့ အချက်တွေကို ထည့်ပြီးစဉ်းစားဖို့ လိုပါတယ်။

    (၁) ဘာကြောင့် Presentation လုပ်ရတာလဲ ?
    (၂) ဘယ်သူတွေ လာပြီးနားထောင်ကြမှာလဲ ? 
    (၃) ဘာတွေပြောလို့ ရနိုင်မလဲ ?
    (၄) ဘယ်လို နေရာမျိုးမှာလဲ ?
    (၅) ဘယ်လို အချိန်မျိုးလဲ ?
    (၆) ဘယ်လိုပြောရင် ကောင်းမလဲ ?
     
    Presentation အတွက် ပြင်ဆင်တဲ့ အခါမှာတော့ အပိုင်း (၃) ပိုင်း ခွဲပြီး ပြင်ဆင်နိုင်ပါတယ်။
    အဲ့ဒါတွေကတော့

    (၁) နိဒါန်း (Introduction)  
    - မိတ်ဆက်
    - လက်ရှိအခြေအနေနှင့် တင်ပြလိုသည့် အကြောင်းအရာ
    - တင်ပြမည့် အဓိက အချက်များ၊ အဆင့်များ
    - တင်ပြရခြင်း၏ အဓိကရည်ရွယ်ချက်

    (၂) တင်ပြမည့် အချက်များ (Main presentation)
    - မိမိတင်ပြလိုသော အကြောင်းအရာနှင့် ဆက်စပ်သော ဟာသများ။
    - ရုပ်ပုံကားချပ်များ၊ ဂရပ်များ၊ bar chart၊ pie chart များ။ 
    - မိမိတင်ပြလိုသော အကြောင်းအရာနှင့် ဆက်စပ်သော နောက်ဆုံးသတင်းများ။
    - အမေးအဖြေများ။
    - လက်ရှိ ဖြစ်ရပ်များ။ (အထူးသဖြင့် မအောင်မြင်မှုများ)
    - သရုပ်ပြသမှုများ
     
    (၃) နိဂုံး (Conclusion) 
    - မိမိတင်ပြသည့် အကြောင်းအရာ အကျဉ်းချုပ်။
    - အနာဂတ် အလားအလာများ။
    - မေးမြန်းချက်များအား ဖြေကြားခြင်း။
    - ကျေးဇူးတင်စကား။
     
    ဒီလိုပြင်ဆင်တဲ့ နေရာမှာ PowerPoint Slide တွေထဲမှာ လိုက်နာသင့်တဲ့ အချက်တွေလဲ ရှိပါတယ်။

    - ခေါင်းစဉ်၊ ခေါင်းစဉ်ခွဲနှင့် အကြောင်းအရာများကို စာလုံး အရွယ်အစားများ ခွဲထားခြင်း။ Bold letter ပေးထားခြင်း။ 
    - ထူးခြားချက်များ၊ အရေးပါသော အချက်အလက်များကို မျဉ်းသားထားခြင်း၊ စာလုံးစောင်းဖြင့် ဖော်ပြခြင်း၊ Highlight လုပ်ထားခြင်း။ 
    - ဝါကျရှည်များနှင့် စာပိုဒ်များအစား အဓိပ္ပါယ်ပေါ်လွင်နိုင်သော ဝါကျတို (သို့) ဝါကျပြတ်များဖြင့် ဖော်ပြခြင်း။
    - သင့်တော်သော Animation များ ထည့်သွင်းအသုံးပြုခြင်း။  
    - လှပရှင်းလင်း ခန့်ငြားပြီး အရောင်နု (သို့) ဖျော့သော Slide Background များ ထည့်သွင်း အသုံးပြုခြင်း။
      
    အဲ့ဒီလိုပါပဲ။ PowerPoint Slide တွေ ပြင်ဆင်ရာမှာ ရှောင်ကြဉ်သင့်တဲ့ အချက်တွေလဲ ရှိပါတယ်...

    - ဖတ်ရှုရန် ခက်ခဲသော စာလုံးပုံစံများ သုံးစွဲခြင်း (ပန်းစာလုံးများ)။ 
    - Slide နောက်ခံအရောင်နှင့် စာလုံးအရောင်များ ရောထွေးနေခြင်း၊ မကွဲပြားခြင်း။
    - နောက်ဆုံးမှသူများ သေချာမမြင်နိုင်လောက်အောင် စာလုံးများသေးခြင်း၊ အရောင်ဖျော့ခြင်း။
    - အလင်းပြန်စေနိုင်သည့် အရောင်များ သုံးစွဲခြင်း။ 
    - ခေါင်းစဉ်နှင့် အချက်အလက်များ သိသာစွာ ကွဲပြားမှု မရှိခြင်း။ 
    - Slide ထဲတွင် ဝါကျရှည်ကြီးများ (သို့) စာပိုဒ်များဖြင့် ပြွတ်သိပ် ကျပ်ညှပ်စွာ ဖော်ပြခြင်း။
    - ဂရပ် (သို့) ဇယားဖြင့် ဖော်ပြသင့်သော ကိန်းဂဏန်းများကို အခြားနည်းဖြင့် တင်ပြခြင်း။ 
    - Slide တစ်ခုတွင် ခေါင်းစဉ် တစ်ခုထက်ပို၍ ဖော်ပြခြင်း။
    - တင်ပြရမည့်အချိန်နှင့် မလုံလောက်နိုင်သည့် Slide များ၊ အချက်အလက်များဖြင့် ဖောင်းပွနေခြင်း။
      
    ပြီးရင် presentation လုပ်တဲ့အခါမှာလဲ လိုက်နာ လုပ်ဆောင်ရမယ့် အချက်ကလေးတွေ ရှိပါတယ်။ အဲ့ဒါတွေက
     
    (၁) မိမိတင်ပြသော အကြောင်းအရာကို ကျိုးကြောင်း ဆက်စပ်နေသည့် ခေါင်းစဉ်ခွဲများဖြင့် ရှင်းလင်းကျစ်လစ်စွာ အဆင့်ဆင့် တင်ပြခြင်း။
    (၂) အခြေအနေပေးပါက နားထောင်နေသူများအား ထင်မြင်ချက်တောင်းခြင်း (သို့) အမေးအဖြေ ပြုလုပ်ခြင်း။ 
    (၃) လိုအပ်ပါက စာရင်းဇယား/ရုပ်ပုံကားချပ်များ ထည့်သွင်းအသုံးပြုခြင်း။ 
    (၄) မိမိတင်ပြသော အကြောင်းအရာ ပေါ်လွင်အောင် နိဂုံးချုပ်နိုင်ခြင်း။

    Presentation လုပ်နေတုန်းမှာ သတိထားရမယ့် အချက်တွေကတော့
     
    - ရေးထားသည်များကို ဖတ်ပြသည့်ပုံစံမျိုး မဖြစ်ရန်။ 
    - ရှင်းလင်းပီသစွာဖြင့် မနှေးလွန်း မမြန်လွန်း ရှင်းလင်း တင်ပြရန်။ 
    - အသံ အနိမ့်အမြင့်၊ အတက်အကျနှင့် ဝါကျ အဖြတ်အတောက် မှန်ကန်ရန်။
    - နားထောင်သူ အားလုံး ကောင်းစွာကြားနိုင်သော မတိုးလွန်း မကျယ်လွန်းသော အသံဖြင့် ရှင်းလင်း တင်ပြရန်။ 
    - Technical term အများအပြား သုံးစွဲ၍ ရှင်းလင်း တင်ပြခြင်း မပြုရန်။
    - နားထောင်နေသူများထဲမှ တစ်ဦးတစ်ယောက်ထဲကိုသာ အမြဲ ကြည့်ပြီး ရှင်းလင်း တင်ပြခြင်း မပြုရန်။
    - ရှင်းလင်း တင်ပြလိုသော အဓိက အကြောင်းအရာမှ ချော်ထွက်မသွားရန်။ 
    - ရှင်းလင်း တင်ပြရာတွင် Body language ဟုခေါ်သော ကိုယ်လက်အမူအရာ အများအပြား လိုအပ်သည်ထက် ပိုပြီး မပြုလုပ်မိရန်။ 
    - တစ်နေရာတည်းတွင် အစမှအဆုံး မလှုပ်မရှက် ရပ်၍ ရှင်းလင်း တင်ပြခြင်း မပြုရန်။ 
    - နားထောင်နေသူများအား နှိမ့်ချသော၊ အထင်အမြင်သေးသော မျက်လုံးမျိုးဖြင့် မကြည့်မိရန် (Bad eye contact)။ 
    - ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိသော ပုံစံမျိုး မပြမိရန်။
     
    Presentation တစ်ခုအတွက် အဆင့်ဆင့် ပြင်ဆင်သင့်တဲ့ ပုံစံနှဲ့ ဥပမာ အချို့ကို ပြောရရင်
     
    1. Problem solving approach 
    Problem Analyzing => Cause Finding => Dilemma Forming => Solution Finding => Implementation Plan
     
    2. Leading Approach 
    Example 1 => Example 2 => Example 3 => Conclusion

    3. Assumption Approach
    Greater Assumption => Smaller Assumption => Conclusion

    4. Time Approach
    years ago => 2 years ago => Present => Future

    5. Cause-Result Approach
    Current Cause => Future Result (OR) Current Result => Previous Cause

    နောက်တစ်ခုက presentation လုပ်နေတုန်းမှာ ကိုယ်ပြောနေတာကို နားထောင်နေတဲ့သူတွေက စိတ်ဝင်စားသလား စိတ်မဝင်စားဘူးလား ဆိုတာကို ဒီလိုအချက်တွေကို ကြည့်ပြီးသိနိုင်ပါတယ်။
     
    စိတ်ပါဝင်စားမှုကို ပြဆိုသော အချက်များ
     
    မျက်နှာ အမူအရာ 
    - သင့်ကိုသာ အမြဲ ကြည့်နေသည်။ 
    - ကျေနပ် နှစ်သက်သော (သို့) ပြုံးနေသော မျက်နှာများ။

    လှုပ်ရှားမှု
    - သင့်ရှင်းလင်းချက်များကို အမြဲလိုလို လိုက်လံ ရေးမှတ်နေခြင်း။ 
    - ခေါင်းငြိမ့် ထောက်ခံမှုများ ပြခြင်း။

    အခြား လက္ခဏာများ
    - သင်၏ ဟာသပြောဆိုခြင်းများတွင် ရယ်မောခြင်း။  
    - သင်၏ မေးခွန်းများကို တက်ကြွစွာ ဖြေဆိုလိုခြင်း။
      
    စိတ်မဝင်စားမှုကို ပြဆိုသော အချက်များ

    မျက်နှာ အမူအရာ  
    - သင့်ကို ကြည့်မနေခြင်း။
    - ခံစားမှု ကင်းမဲ့သော၊ အာရုံပျံ့လွင့်နေသော မျက်နှာများ။
     
    လှုပ်ရှားမှု
    - သမ်းဝေခြင်း၊ ငိုက်မျဉ်းခြင်း၊ လက်ထဲရှိ အရာဝတ္ထု တစ်ခုခုဖြင့် ဆော့ကစားနေခြင်း။
    - အပြင်သို့ ငေးနေခြင်း၊ နာရီကို ခဏခဏ ကြည့်ခြင်း။
      
    အခြား လက္ခဏာများ  
    - သင်၏ ဟာသပြောဆိုခြင်းများတွင် တုံ့ပြန်မှု မရှိခြင်း။ 
    - အခြားသူများနှင့် တီးတိုး စကားပြောနေခြင်း
     
    ကဲ ဒီလောက်ဆိုရင်တော့ presentation တစ်ခု ကောင်းကောင်းမွန်မွန် ဖြစ်ဖို့ ဘယ်လိုတွေ ပြင်ဆင်ရမယ်၊ ဘာတွေက လုပ်သင့်တယ် ဘာတွေက မလုပ်သင့်ဘူး ဆိုတာလောက်ကိုတော့ သဘောပေါက် သွားကြလိမ့်မယ် ထင်ပါတယ်ခင်ဗျာ။

    Credit : Sun Thurain Moe

    No comments

    Post Top Ad

    Post Bottom Ad