မွေးရပ်မြေ
" မွေးရပ်မြေ "
ဇာတ်လမ်း / စာရေးသူ - “ မိုးစွေ ” ( ဖြစ်ရပ်မှန် )
( အမှန် တကယ်ကြုံခဲ့သော သူ နေရာမှ ခံစား၍ ရေးသည်။
ဤဇာတ်လမ်းတွင် အမှန်တကယ်ပါဝင်ခဲ့သော ပုဂ္ဂိုလ်များ ၏ အမည်များကို
ချန်လပ်ထားပါသည် ။ )
ဤဇာတ်လမ်းလေးကို ရေးသားခွင့်ပြုခဲ့သော
Ko “ Moe Aung ” ကို
ကျေးဇူးအထူးတင်ပါတယ် ခင်ဗျာ :)
“ ၀ါသနာအရရေးသားခြင်းဖြစ်သောကြောင့် အမှားအယွင်းရှိပါက
ခွင့်လွှတ်ပေးစေလိုပါသည် ။
ဝေဖန်မှုများကို ကြိုဆိုပါသည် ။ :) ”
လူတိုင်းမှာ အမှတ်တရကိုယ်စီရှိကြပါတယ် ၊
တချို့သော အမှတ်တရတွေက ပြန်တွေးလိုက်တိုင်း
ပျော်ရွှင်ဖွယ်ကောင်းသလို တချိ့က ပြန်တွေးတိုင်း
နာကျဉ်းစက်ဆုပ်ဖွယ်ဖြစ်နေတက်ပါတယ် ၊
တချို့အမှတ်တရတွေကတော့ ပြန်တွေးလိုက်တိုင်း
ကြက်သီးတဖြန်းဖြန်းထအောင် ကြောက်လန့်မိစေတယ် ။
ကျွန်တော့ဘ၀ရဲ့ အတိတ်က အမှတ်တရလေးတစ်ခုကတော့ ……….
ရှမ်းပြည်နယ်တောင်ပိုင်း ၊ ‘ မိုင်းပန် ’ ဟုခေါ်သော မြို့ကလေးသည်
လူနေကျဲ၍ သာယာလှပသော တောင်တန်းကြီးမျာစွာ သွယ်တန်းထားပြီး
အလွန် နေချင်ဖွယ်ရာကောင်းသော မြို့ငယ်ကလေးတစ်ခုဖြစ်သည် ။
သို့သော် ထိုသာယာလှပမှုများကို မခံစားနိုင်သူတစ်ယောက်ရှိသည် ။
ထိုသူမှာ ‘ မိုင်ပန် ’ မြို့ (…..) ဆေးရုံတွင် တက်ရောက်၍ အရက်ဖြတ်ဖို့ရာ
ဆေးကုသမှုခံယူနေရသော လူနာတစ်ယောက်ပင်ဖြစ်သည် ။
ထိုပုဂ္ဂိုလ်မှာ အခြားသူမဟုတ် ကျွန်တော် ‘ မိုးစွေ ’ ပင်ဖြစ်သည် ။
မှန်ပါသည် ကျွန်တော် အရက်ကို အလွန်ကြိုက်သည် ၊
သူများသောက်သည်ထက် ကျွန်တော် ပို၍သောက်နိုင်သည် ။
အစ ပထမတုန်းက သူငယ်ချင်းများ မြှောက်ပေးသဖြင့်
နည်းနည်း နည်းနည်း သောက်ရင်းဖြင့် နောက်ပိုင်းတွင်
အရက်မသောက်ရပါက ခြေတုန် လက်တုန် အဆင့်သို့ရောက်ခဲ့လေပြီ ၊
ရင်ဘက်ထဲသို့ ပူပြီးဆင်းသွားသော အရက်တစ်ခွက်၏
အရသာကို ကျွန်တော် ခုန်မင်သည် ။
သောက်ပြီးသွားလျှင် ရီဝေေ၀ဖြစ်နေသော ခံစားချက်ကို
သဘောကျသည် ။
တစ်ကိုယ်တည်းသမားမို့ အပူအပင်မရှိ
အသည်းကွဲစရာလည်းမရှိ ၊ အကြောင်းပြချက်မရှိ ကျွန်တော်
အရက်ကို သောက်သည် ။ ကျွန်တော့်ဘ၀၏ နေ့ရက်တိုင်းကို
အရက်သမားတို့ လင်္ကာအတိုင်း ဖြတ်သန်းခဲ့သည် ။
တစ်နေ့မှာ ‘ အူအတက်ရောင် ’
ဆိုတဲ့ ရောဂါတစ်ခုက မဖိတ်ခေါ်ပဲ
ကျွန်တော့်ခန္ဓာကိုယ်ထဲ ၀င်ရောက်လာခဲ့တယ် ။
အရက်အမြဲသောက်နေသူမို့ ကိုယ်ခံအားနည်းနေချိန်
ရောဂါပါ ၀င်လာသဖြင့် ဝေဒနာကိုအလွန်ခံစားရသည် ။
ကျွန်တော့် ၀မ်းဗိုက်ထဲရှိ အတွင်းကလီစာများကို
တစ်စုံတစ်ယောက်က လက်ဖြင့် မညှာမတာ ဖျစ်ညှစ်
နေသလို အလူးအလဲခံစားရသည် ။
ထို့ကြောင့် ဝေဒနာကို မတွန်းလန်နိုင်သဖြင့်
‘ မိုင်ပန် ’ မြို့ (…..) ဆေးရုံတွင် တက်ရောက်ကာ
ဆေးကုသမှုခံယူနေရသည် ၊ ကျွန်တော့်ကို ကုသပေးတဲ့
ဆရာဝန်က ပြောတယ် မင်းရောဂါကပြင်းတယ်
အရက်ဆက်သောက်ရင် အသက်ပါသွားလိမ့်မယ်
အူအတက်ကို ခွဲစိတ်ကုသာပြီးရင်
အရက်ပါတစ်ခါတည်း ဖြတ်လိုက်မှ အဆင်ပြေလိမ့်မယ်တဲ့ဗျာ ။
ကျွန်တော်လည်း ‘ အရက်ကို အသက် နဲ့ မလဲဝံ့သာကြောင့်
ခေါင်းငြိမ့်လိုက်ရသည် ။ အဲ့ဒီအချိန်တုန်းက ကျွန်တော် အစာလည်းမ၀င်
လူက ပိုက်တန်းလန်းနှင့် သတိကရတစ်ချက်ရတစ်ချက်ဖြစ်နေတုန်း
ဝေဒနာကို အံကြိတ်ခံနေရတယ် ။
လူက မြောသွားသလို သတိလစ်သွားသလိုဖြစ်သွားတယ် ။
အဲ့ဒီအချိန်မှာ ရုတ်တရက်ဆိုသလို ကျွန်တော့်ခန္ဓာကိုယ်က
လိပ်ပြာကလေးတစ်ကောင်လို ၊ ၀ါဂွမ်းကလေးလိုမျိုး ပေါ့ပါးသွားပြီး
ခံစားနေရတဲ့ ဝေဒနာတွေကလည်း ယူပစ်လိုက်သလို
သက်သာသွားတယ် နေလို့ထိုင်လို့အရမ်းကောင်းသွားတယ်
ဒါပေမယ့် ကျွန်တော် အခုရောက်နေတာ ကျွန်တော့်ရောဂါလာကုသတဲ့
‘ မိုင်ပန် ’ မြို့ (…..) ဆေးရုံမှာမဟုတ်ဘူးဗျ ။
ရွာငယ်ကလေးတစ်ခုမှာ …………. ။
ကြည်ပြာရောင် ကောင်းကင်ကြီးအောက်က
လေယူရာယိမ်းနေတဲ့စပါးပင်တွေနဲ့ စိမ်းလမ်းစိုပြေနေတဲ့လယ်ကွင်းတွေ
အစီအရီဆောက်ထားတဲ့ အိမ်ကလေးတွေ ၊ သလင်းပြင်ကြီးမှာ
ပြေးလွှာဆော့ကစားနေကြတဲ့ နွားကျောင်းသားကလေးတွေ
ဒီရွာကလေးကို ကျွန်တော်ရင်းရင်းနီးနီးကိုသိနေသည် ။
ကျွန်တော် တစ်ယောက်တည်း ဟိုဒီလျှောက်ကြည့်နေတုန်း
အနောက်ကနေပြီး “ ဟေ့ကောင်(ယောင်) ‘ ကိုမိုး ’ ” ဟု
ကျွန်တော့်အားလှမ်းခေါ်လိုက်သောအသံကို ကြားလိုက်ရသည် ။
ထိုအသံကို ကျွန်တော် ကောင်းကောင်းမှတ်မိသည် ။
ကျွန်တော်ငယ်ငယ်တုန်းကရွာမှာ ပိုးထိပြီးသေသွား
ငယ်သူငယ်ချင်း ‘ မောင်တိုး ’ ၏
အသံမဟုတ်လား ။
ကျွန်တော်လည်း အနောက်ကိုလှည့်ကြည့်လိုက်သောအခါ
ကျွန်တော့်ရှေ့မှ ဖော်ရွေစွာ ပြုံးပြပြီးနှုတ်ဆက်နေသော
ငယ်သူငယ်ချင်း ‘ မောင်တိုး ’ ကိုမြင်လိုက်ရသဖြင့်
ကျွန်တော် ခေတ္တမျှ ကျောက်ဖြစ်သွားပြီး ထိတ်လန့်တကြား
စကားသံထွက်သွားခဲ့တယ် “ မင်း… မင်း…. ‘ မောင် …မောင် တိုး ’
မဟုတ်လား … မင်း…မင်း..က သေပြီးသားလေ ” ဟုပြောလိုက်တော့
‘ မောင်တိုး ’ က ပြုံးပြီး အသာခေါင်းငြိမ့်ပြတယ် ။
ပြီးတော့ ကျွန်တော့်ကို သူ့နောက်လိုက်ခဲ့ဖို့ပြောတယ်
သူ ကျွန်တော့်ကို အိမ်ကလေးတစ်လုံးစီကို ခေါ်သွားခဲ့တယ် ။
အိမ်ကလေး … အိမ်ရှေ့မှာ သရက်ပင်ကလေးနဲ့
အပင်အောက်မှာ ကွပ်ပျစ်ကလေး ကျွန်တော်သိပြီ ။
ကျွန်တော်မှတ်မိပြီ ။
ကျွန်တော် သတိရသွားပြီ
ဒါကျွန်တော်တို့အိမ်ပဲ ……… ။
အိမ်ထဲက အမျိုးသမီးကြီးတစ်ဦးပြေးထွက်လာတယ်
အမေ …. ကျွန်တော့် မေမေ ပဲ …… ။ သူမနောက်ကကပ်ပြီး
လိုက်လာတဲ့ လူတစ်စု ကျွန်တော့် ဘကြီးတွေ ... အရီးလေးတွေ
ကျွန်တော် အလွန်ပျော်သွားပြီး အမေ့ကို ပြေးဖက်မိသည် ။
‘ အမေ က ကျွန်တော့်ကို (ကိုးနှစ်သား) ဖြင့် ဒီလောကကြီးထဲမှာ
ပစ်ထားခဲ့သူမဟုတ်လား …. ။ ’
ကျွန်တော်အမေ့ကို လွမ်းနေတာကြာခြဲ့ပီ ။
ကျွန်တော့်မျက်ဝန်းမှ မြစ်နှစ်စင်း တစ်ပြိုင်တည်းစီးဆင်းလာခဲ့တယ် ။
ရင့်ဘက်ထဲမှာ လည်း အလွန်ဆို့နှင့်နေတယ် ။
ကျွန်တော်သိသည် ကျွန်တော် (ကိုးနှစ်သား) အရွယ်မှာ
အမေ ငှက်ဖျားရောဂါဖြင့်ကွယ်လွန်သွားခဲ့ပြီဆိုတာကို
ဒါပေမယ့် အခုအချိန်ကလေးကို ကျွန်တော် …….
ရပ်တန့်ထားချင်မိတယ် ……. …. … ။
အမေ့နံဘေးက ကျွန်တော့်ဆွေမျိုး ၊ သူငယ်ချင်းများမှာလည်း
အကုန်လုံး ကွယ်လွန်ပြီးသား သူများဖြစ်ကြသည် ။
အမေ့ကို ကျွန်တော် ဖတ်ထားတုန်းမှာ အမေက
စကားတစ်ခွန်းပြောလိုက်မှကျွန်တော်အသိပြန်ဝင်လာခဲ့တယ်
“ ငါ့သားလေး ၊ မင်းအမေတို့ဆီလိုက်လာတာလား ” တဲ့
ကျွန်တော် မသိကြောင့် ခေါင်းခါရမ်းလိုက်တော့
အမေက ကျွန်တော့်ကို သူမနားမှ တွန်းထုတ်ပြီး
“ ငါတို့တွေက မကြာခင် ဒုက္ခရောက်တော့မယ်..
ငါ့သား နင် ဒီနေရာကို ဘယ်တော့မှမလာနဲ့
သွား….. ပြေးတော့သား….ပြေး ….. ။ ” လို့
ပြောလိုက်တော့ ကျွန်တော်လည်းဘာရယ်မဟုတ်ဘူး
စိတ်က အလိုလို ကြောက်ရွံလာတာနဲ့ အမေ့ဆီကနေ
အဝေးကို ထွက်ပြေးခဲ့လိုက်တယ် ရွာရဲ့တနေရာရောက်တော့
ကျွန်တော် ဆက်မပြေးတော့ပဲ ဟိုဒီလျှောက်ကြည့်နေမိသည်
အမေ့စကားကို မယုံသလိုဖြစ်သွားသည် ၊
ဘာကြောင့် ဒုက္ခရောက်ရမှာလဲ ဆိုပြီးလည်း စဉ်းစားမိလိုက်တယ် ၊
ကျွန်တော် ရွာထဲ လျှောက်ကြည့်နေတုန်းမှာပဲ
ရွာကလေးက တဖြည်းဖြည်း ခြောက်သွေ့လာတယ် ၊
ကောင်းကင်ကြီးမှာ တိမ်မဲတွေ ရွေ့လျားလာပြီး
စပါးပင်တွေကခြောက်သွေ့သွား တယ်
လယ်ကွင်းတွေကလည်း တစပြင်လိုဖြစ်သွားပြီး
မြေကြီးတွေက ပတ်ကြားအပ်လာတယ်
အိမ်ကလေးတွေက အိမ်အိုအိမ်ပျက်တွေလိုမျိုး
ပြောင်းလဲသွားတယ် မကြာခင်က လူများစည်ကားနေသော
ရွာကလေးမှာ လူတစ်ယောက်မှ မတွေ့ရတော့
သက်ရှိဟူ၍ ကျွန်တော် တစ်ယောက်သာရှိသော
သချိင်္ုင်းကုန်းကြီးအလား ။
ထိုစဉ် ကျွန်တော့် အနောက်မှ အသံအချို့ကိုကြားလိုက်ရသဖြင့်
လှည့်ကြည့်လိုက်တော့ အိုး… နည်းတဲ့အကောင်ကြီးတွေမဟုတ်ဘူး ၊
ခွေးကြီးတွေဗျ ဆယ်ကောင်လောက်ရှိမယ်
အရွယ်အစားက ကျွန်တော့်တစ်ရပ်လောက်ရှိတယ်
အစွယ်ကြီးတွေက ဖွေးလို့ ၊ ပါးစပ်ကလည်း သွားရည်တမြားမြားနဲ့ ၊
ကျွန်တာ့်ဆီကို မိုင်ကုန်မုန်းတဲ့ပြိုင်ကားလိုမျိုး ပြေးလာကြတာဗျ ။
အဲ့ဒီအချိန်တုန်းက ကျွန်တော်ကြောက်လိုက်တာဆိုတာ
နှိုင်းယှဉ်နိုင်မယ့် စကားလုံးရှာမတွေ့သေးဘူး ။
သူတို့ကျွန်တော့်ဆီပြေးလာတော့ ကျွန်တော့်လည်း
ပြေးမိပြေးရာကို ခြေကုန်သုတ်တော့တာပဲ ။
ဆူးခလုတ်တွေလဲ မမှုတော့ဘူး ၊ ဟိုကောင်ကြီးတွေ
မိသွားရင် အရိုးတစ်ခြားအသားတစ်ခြားဖြစ်မှာကြောက်တာနဲ့
ပြေးတာပေါ့ဗျာ ၊ ပြေးနေတုန်းမှာပဲ ၊ အနောက်က ခွေးကြီးတွေက
တဖြည်းဖြည်းနဲ့ ကျွန်တော့်ကိုမှီလာတယ် ကျွန်တော်လည်း
မျက်စိကိုစုံမှိတ်ထားလိုက်တယ် ငါ့တော့ သေပြီဆိုတဲ့စိတ်နဲ့
အဲ့ဒီအချိန်မှာ ဘယ်ကလာတဲ့အသံလဲမသိဘူး
စိတ်ကို ကြည်လင်သွားပြီး ၊ နားထဲကို အေးသွားတာပဲ ၊
ကြောက်စိတ်တွေ ၊ မောပန်းတာတွေလည်း ပျောက်သွားတယ်
‘ မေတ္တာပို့တဲ့ အသံ ’ ဗျ ။ကျွန်တော်လည်း အားကိုးရာ
အဲ့ဒီအသံကြားတဲ့အရပ်ကို ဦးတည်ပြီးပြေးတာပေါ့ဗျာ ။
အသံကြားရအရပ်ရောက်တော့ ၀တ်ဖြူစင်ကြယ်နဲ့
လူကြီးတစ်ယောက်ကိုတွေ့တယ် သူ့ရှေ့ရောက်တော့
စိုးရိမ်စိတ်နဲ့ အနောက်ကခွေးကြီးတွေကို လှည့်ကြည့်တော့
တစ်ကောင်မှမရှိတော့ဘူး ။
ကျွန်တော့်ရှေ့မှာ ရပ်နေတဲ့လူကြီးက ကျွန်တော့်ကိုကြည့်ပြီး
နားဝင်အေးစေသော လွန်စွာကြည်လင်ပြတ်သားတဲ့ အသံဖြင့်
“ ကောင်လေး ဒီအရပ်ကနေသင့်တဲ့ အရပ်မဟုတ်ဘူး ၊
ပြန်တော့ ” ဟုပြောပြီးပြီးချင်းပဲ
ကျွန်တော်အိပ်ယာကနိုးထလာသူလို သတိရလာခဲ့တယ် ။
ကျွန်တော့်ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ လူတာကုတင်တွေ
ကျွန်တော်သိလိုက်ပြီ ဆေးရုံပြန်ရောက်နေတယ်ဆိုတာကို ။
ကျွန်တော့်နဘေးက ကျွန်တော့်ကို လူနာစောင့်အဖြင့်နေပေးသော
သူငယ်ချင်းက ဆရာဝန်ပြေးခေါ်ပြီး ပြန်လာတယ်
ဆရာဝန်က ကျွန်တော့်ကို လိုအပ်တာတွေလုပ်ပေးပြီးပြန်သွားတော့
သူငယ်ချင်းကပြောတယ် “ ‘ မိုးကြီး ’ မင်းသတိမေ့နေတာ
ဒီနေ့နဲကဆို နှစ်ရက်တောင်ရှိပြီကွ ” တဲ့
ကျွန်တော့် ၀ိညာဉ် ရောက်သွားတဲ့နေရာမှာ
အချိန်က နာရီပိုင်းလောက်ပဲရှိမယ် ၊
သေကံမရောက် အသက်မပျောက်ပဲ
ပြန်ရောက်လာတာပဲကျေးဇူးတင်မိတယ် ။
ဆေးရုံကဆင်းပြီးတော့ ကျွန်တော်
သာသနာဘောင်မှာ ရဟန်းဖြင့် သုံးနှစ်ခန့်
နေထိုင်ပြီး လူပြန်ထွက်ကာ
အရက်ကိုထာဝရ စွန့်လွတ်လိုက်ပြီး
ငါးပါးသီလကို တက်နိုင်သမျှ ထိန်းသိမ်းနေထိုင်ခဲ့တာ
ယနေတိုင်ပေါ့ဗျာ ။
~ မိုးစွေ ~
Credits
No comments